Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 September 2013

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်




ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝ...န်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက် အသစ်များကို ပညာရှင်အဆင့် နိုင်ငံခြားသား ဝန်ထမ်းအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာရမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ကာ သက်ရောက်မှုရှိမည် ဖြစ်သည်။

ယခု စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ အသစ်ပြဋ္ဌာန်းလိုက်သော စည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များသည် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည့် ရာထူး နေရာတိုင်းအတွက် စင်ကာပူ နိုင်ငံသားများကိုလည်း လျှောက်ထားခွင့် ပေးရမည်ဖြစ်ပြီး အလုပ်ခေါ် ကြော်ငြာကိုလည်း စင်ကာပူ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှာဖွေပေးနေသော ဌာနတွင် အနည်းဆုံး ၁၄ ရက် ကြော်ငြာထားပြီးမှသာ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များသည် ၎င်းတို့အနေနှင့် စင်ကာပူ နိုင်ငံသား အလုပ်သမား ခေါ်ယူရန် ကြိုးစားပြီးပြီ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စင်ကာပူနိုင်ငံသား အလုပ်သမားများနှင့် အင်တာဗျူးထားသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအပေါ် စည်းကမ်းချက် အသစ်များ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနက စည်းကမ်းချက် အသစ်များမှာ စင်ကာပူ နိုင်ငံသားများကိုသာ ဦးစားပေး အလုပ်ခန့်ထားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များအနေနှင့် စင်ကာပူ နိုင်ငံသားများ အပေါ်တွင် မျှမျှတတ စဉ်းစားပေးစေရန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသော ကုမ္ပဏီများ အနေနှင့်လည်း ယခုထုတ်ပြန်လိုက်သော စည်းကမ်းချက် အသစ်များနှင့်အညီ ပြောင်းလဲလုပ်ဆောင် သွားရမည် ဖြစ်ပြီး ထိုသို့ပြောင်းလဲ လုပ်ဆောင်ရန် လုံလောက်သော အချိန်ရရှိမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း သက်တမ်း ကုန်ဆုံးမည့် EP ကတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ အနေနှင့် ၎င်းတို့၏ ကတ်များကို လက်ရှိ စည်းမျဉ်း စည်းကမ်းများ အတိုင်း တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရဦးမည် ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့