
နေပြည်တော်၊ အောက်တိုဘာ ၂၇
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့
ည ၉ နာရီိခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊
မော်လမြိုင်ကျွန်းမြို့၊ ကုတင်(၁၀၀)ပြည်
သူ့ဆေးရုံသို့ ဓါတ်လိုက်သေဆုံးသူများနှင့်
ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း
သတင်းအရ မော်လမြိုင်ကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံကျုံလမုကျေးရွာနေ ဒေါ်လှမြင့်(၇၀)နှစ်၊ ဒေါ်အေးမူ(၄၀)နှစ်၊ မ၀င်းသူဇာ(ခ) ၀င်းဝင်း(၂၈)နှစ်နှင့် ကိုမျိုးသူရအောင်(၂၅)နှစ်တို့ ၄ ဦးမှာ ဓါတ်လိုက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံး နေပြီး တစ်ရွာတည်းနေ ကိုဖြိုးမင်း(၂၆)နှစ် မောင်မင်းထက်ကျော်(၁၁)နှစ်နှင့် မပန်းအိဖြူ(၃)နှစ်တို့ ၃ ဦး ဆေးကုသမှုခံယူနေသည်ကို တွေ့ရှိရသည်။
စစ်ဆေးချက်အရ ယင်းနေ့ ည ၆ နာရီအချိန် ဒေါ်အေးမူ၏ နေအိမ်ရှေ့တွင် မောင်မင်းထက်ကျော်မှ မပန်းအိဖြူအားပွေ့ချီ၍ ဆော့ကစားနေစဉ် ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် မီးပေးရန်သွယ်တန်းထားသည့် ဓါတ်ကြိုးပြတ်ကျရာမှ မောင်မင်းထက်ကျော်နှင့် မပန်းအိဖြူတို့ ဓါတ်လိုက်၍ လဲကျသွားသဖြင့် မပန်းအိဖြူ၏မိခင်ဖြစ်သူ မ၀င်းသူဇာ(ခ)၀င်းဝင်း၊ ဒေါ်လှမြင့်၊ ဒေါ်အေးမူ၊ ကိုဖြိုးမင်းနှင့် ကိုမျိုးသူရအောင်တို့မှ သွားရောက်ဆွဲထူခဲ့ရာက ဓါတ်လိုက်ခံရပြီး သေဆုံး/ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် မော်လမြိုင်ကျွန်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment