Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 October 2014

လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရမှုကြောင့် ဟိန္ဒားသတ္တုတွင်းမှ အလုပ်သမားအများစု အလုပ်မဆင်းဘဲ သပိတ်မှောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့
နယ်ခွဲရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့်
ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar
 PongPiPat Co;Ltd- MPC) တို့ အကျိုးတူဖက်စပ်
လုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတွင်းစီမံကိန်း၌


အလုပ်သမားများအပေါ် လုပ်ခလစာ နည်းပါးစွာပေးချေမှုအပြင်

အလုပ်သမားအခွင့်အရေး မရရှိမှုများနှင့် ဒေသခံလုပ်သားများနေထိုင်သည့် ဟိန္ဒားကျေးရွာအတွက် ဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် အချက်ခုနစ်ချက်ပါစာဖြင့် လက်မှတ်စုပေါင်းရေးထိုးကာ MPC ကုမ္ပဏီ၏ ဟိန္ဒားသတ္တုတွင်းစီမံကိန်း အထွေထွေမန်နေဂျာထံသို့ အောက်တိုဘာ ၂၆ ရက်က စာပေးပို့တင်ပြထားပြီး စီမံကိန်းမှ အလုပ်သမားအများစုမှာ အလုပ်မဆင်းကြဘဲ သပိတ်မှောက်လျက်ရှိကြောင်း သိရသည်။




အလုပ်သမားအများစုမှာ လုပ်သက်ရင့် အလုပ်သမားများ ဖြစ်သော်လည်း နေ့စားအလုပ်သမားအဆင့်မှ ပုံသေလခစားဝန်ထမ်းအဖြစ် ကုမ္ပဏီမှ သတ်မှတ်ပေးခြင်းမရှိဘဲ လစာနည်းပါးစွာဖြင့် လုပ်ကိုင်နေရကြောင်း၊ အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရသည့်အပြင် အချိန်ပို OT ကြေးများအား အပြည့်အဝ ပေးအပ်ခြင်းမရှိကြောင်း၊ အလုပ်ခွင်အတွင်း၌ လူမဆန်စွာ ပြောဆိုဆက်ဆံ၍ ခေါင်းပုံဖြတ် အဓမ္မ စေခိုင်းခြင်းများလည်းရှိကြောင်း စီမံကိန်းလုပ်သားများထံမှ သိရသည်။

“စာတင်ခဲ့တဲ့ ၂၆ ရက်ကစပြီး စီမံကိန်းက အလုပ်ခွင်အားလုံးမှာရှိတဲ့ အလုပ်သမား အများစုက အလုပ်မဆင်းကြတော့ဘူး။ ဦးတို့စက်မှုအဖွဲ့က ၁၇ နှစ်ယောက်စလုံးလည်း အလုပ်မဆင်းကြတော့ဘူး။ လက်ရှိဦးတို့ တစ်နေ့ကို ကျပ် ၄၅ဝဝ ရပြီး OT ကြေးပါဆိုရင် ၆ဝဝဝ လောက်ရတယ်။ ဒါပေမဲ့ လက်ရှိရတဲ့ OT ကြေးက တစ်နာရီကို မူရင်းလစာထက် နှစ်ဆရမှာဖြစ်ပေမယ့် ကုမ္ပဏီက တစ်ဆပဲပေးပါတယ်။ MPC ကစလုပ်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အလုပ်သမားအိမ်သာ ဆိုတာတောင် ထားမပေးပါဘူး။ မနက်ကျ အလုပ်ဆင်းရင် MPC က ထိုင်းမန်နေဂျာက ယိုးဒယားစကားနဲ့ နေ့တိုင်းဆဲတယ်။ ထိုင်းမှာ တစ်နေ့ကို အနည်းဆုံးလုပ်ခလစာ ဘတ် ၃ဝဝ (မြန်မာငွေ ကျပ် ၉ဝဝဝ ဝန်းကျင်) သတ်မှတ်ထားပေမယ့် ဦးတို့ကတော့ ဘတ် ၂ဝဝ တောင်မရတာ ဝမ်းနည်းမိတယ်။ ကိုယ့်မြေပေါ်လာပြီး ခေါင်းပုံဖြတ်ခံနေရသလိုပဲ” ဟု MPC ကုမ္ပဏီတွင် လုပ်သက်ခုနစ်နှစ်ခန့် ရှိပြီဖြစ်သည့် နေ့စားအလုပ်သမား ဦးဝင်းနိုင်က ပြောကြားသည်။


ဟိန္ဒားသတ္တုတွင်းစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား တွေ့ရစဉ်

အလုပ်သမားများမှ ကုမ္ပဏီထံသို့ တောင်းဆိုထားချက်အရ အနိမ့်ဆုံးတစ်နေ့ လုပ်ခလစာ ၂ဝဝဝ ကျပ်အစား ၈ဝဝဝ သို့ တိုးမြင့်ပေးရန်၊ အချိန်ပိုလုပ်ခအား တစ်နာရီလျှင် ကျပ် ၂ဝဝဝ ပေးရန်၊ အလုပ်ခွင်အတွင်း လုပ်ကိုင်ရာတွင် လုပ်အားနှင့်မမျှဘဲ မတန်မရာ လုပ်ကိုင်ရသဖြင့် ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးပေးခန်းများနှင့် သောက်သုံးရေ မရရှိခြင်းအတွက် ဆောင်ရွက်ပေးရန်၊ လုပ်သားများအား လူမဆန်စွာ ပြောဆိုစေခိုင်းခြင်း မပြုလုပ်ရန်နှင့် ဟိန္ဒားကျေးရွာရှိ ဒေသခံများအတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးရန် စသောတောင်းဆိုချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၌ ထိုင်းအလုပ်သမား ၂ဝ ဦးခန့်နှင့် မြန်မာအလုပ်သမား ၃ဝဝ ခန့်ရှိပြီး လုပ်ငန်းဆိုက်လေးခုမှ အလုပ်မဆင်းဘဲ သပိတ်မှောက်ကာ တောင်းဆိုနေသည့် အလုပ်သမား ၁၉ဝ ကျော်ရှိကာ လာမည့်အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ တင်ပြတောင်းဆိုချက်များအား ဆုံးဖြတ်ပေးရန် တင်ပြထားကြောင်း အလုပ်သမားများထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့