Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

ပြစ်မှုပြစ်ဒဏ် မျှတပါ၏လော

ယခုရက်ပိုင်းအတွင်းပညာရေး ဌာနနှင့် ဆက်နွှယ်သော ပြည်သူများ အဖို့ စိတ်ဝင်စားမှု အရှိဆုံး သတင်းမှာ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် ၅ အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်စိုးစိုးခိုင် အလုပ်ထုတ်ပယ်ခံရမှုသတင်းပင် ဖြစ်ပါ သည်။

ကျွန်တော်သည်လည်း သမီး နှစ် ဦးမှာ ပညာရေးဌာနမှ ဆရာမများဖြစ် သဖြင့် ယင်းသတင်းကို နေ့စဉ်နှင့်အမျှ ဂျာနယ်၊ ပုဂ္ဂလိက၊ သတင်းစာများတွင် အမြဲဖတ်ရှုမိပါသည်။ ပထမကြားသိစ ကပင် အံ့သြတုန်လှုပ်မိပါသည်။ ထိုစဉ် က မယူမနေရ ပင်စင်ပေးလိုက်သည့် သတင်းဖြစ်ပါသည်။ နောက်ရက်များ မကြာမီ ပင်စင်ပေးသည့်အမိန့်ပယ်ဖျက် ပြီး အလုပ်မှထုတ်ပယ်ခြင်းသတင်း သိရ တော့ ဝမ်းနည်းခြင်း၊ တုန်လှုပ်ခြင်း၊ ခံ ပြင်းခြင်း ဖြစ်မိပါတော့သည်။ တစ်ဆက် တည်းပင် ပညာရေးဌာနတွင် လုပ်နေ သော သမီးနှစ်ဦးအတွက် မိဘတစ်ဦး အနေဖြင့် စိုးရိမ်စိတ် ဖြစ်မိပါတော့ သည်။

ယနေ့ပြည်ထောင်စု အစိုးရအဖွဲ့ တွင် တပ်မှပုဂ္ဂိုလ်များနှင့် အရပ်သား ဝန်ကြီးများဟူ၍ နှစ်ပိုင်းရှိပါသည်။ တပ်မှ ပုဂ္ဂိုလ်များသည် တပ်၏ အကျင့် မပျောက်သဖြင့် တစ်သွေးတစ်သံ၊ တစ် မိန့်အုပ်ချုပ်သည်ကို ယခုပြုပြင်ပြောင်း လဲဖို့ကြိုးစားနေပါသည်။ သို့သော် ပညာ ရေးဌာနလို၊ ကျန်းမာရေးဌာနလို အရပ် သားဝန်ကြီးများ၊ ပညာရှင်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ စသည် ဖြင့် အသိပညာရှင်၊ အတတ်ပညာရှင် များဖြင့်ပြုပြင်ဖွဲ့စည်းနေချိန်တွင် ပညာ ရေးဌာနလို ဝန်ကြီး၊ ဒုဝန်ကြီးများသည် အရပ်သား ပညာရှင်များ ဖြစ်ပါလျက် တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် ဗျူရိုက ရက်ပုံသဏ္ဌာန်ဖြင့် အုပ်ချုပ်နေခြင်းမှာ ယနေ့လို အချိန်အခါမျိုးတွင် လက်ခံနိုင် စရာမရှိတော့ပါ။တစ်ခုရှိသည်က အရပ် သားဝန်ကြီးဖြစ်၍ ပြုတ်မှာကြောက်ပြီး အောက်ခြေသို့ ဖိခြင်းမျိုးကိုတော့ လုံးဝ ခွင့်လွှတ်စရာ မရှိပါ။

ပညာရေးဌာန၏ ဖွဲ့စည်းပုံအရ အခြေခံပညာဦးစီးဌာန သုံးခုတွင် ညွှန် ကြားရေးမှူုးချုပ်များသည် တပ်ကပုဂ္ဂိုလ် များအစဉ်အဆက်ဖြစ်ခဲ့ပါသည်။ ယခင် ပညာရေးဝန်ကြီး ဒုဝန်ကြီးများမှာလည်း တပ်က ဖြစ်ခဲ့၍ တပ်ပုံစံမျိုး ဖြစ်နေခဲ့ ပါသည်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် အုပ်ချုပ်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိ ခြင်း၊ အကြောက်တရားဖြင့် အုပ်ချုပ် ခြင်း၊ အထက်ဖားအောက်ဖိ ပြုခြင်း၊ အငြိုးအတေးထားခြင်းတို့သည် အစဉ် အဆက်က ရှိလာခဲ့ပါသည်။ ပညာရေး ဌာနညွှန်ချုပ်များသည် ယခင် စစ်အစိုးရ တက်လာစအချိန်ထိ ပညာရေးဌာနမှ ပညာရှင် ဆရာ၊ ဆရာမကြီးများသာဖြစ် ခဲ့ပါသည်။ နောက်ပိုင်း တပ်ကလူများ အုပ်ချုပ်၍စတင်ပျက်စီးခဲ့ပါသည်။

ယခု အခါမြို့နယ်ပညာရေးမှူးကအစ ညွှန် မှူးအထိ ပင်စင်သွားခါနီး ဆရာဆရာမ ကြီးများဖြစ်ပါသည်။ သူတို့သည် ပင်စင် ထိမှာစိုး၍လုပ်မှားကိုင်မှားဖြစ်မှာ ကြောက် ပါသည်။ ဒါကြောင့် အထက်ကခိုင်းလျှင် ခိုင်းသည့်အတိုင်းသာ လုပ်ပါသည်။ ပြန် မပြောရဲပါ။ ရိုးသားသည်။ သူတို့ကြောက် ၍အောက်ခြေဆရာ၊ ဆရာမများလည်း အမှားမခံနိုင်ဘဲ ကိုယ်ဖြစ်ကိုယ်ခံ သ ဘောမျိုးဖြစ်၍ ခိုင်းတာလုပ်ပြီး ''မလုပ် မရှုပ်မပြုတ်''မူနှင့် လုပ်ကိုင်နေသည်မှာ ယနေ့ ပညာရေးဌာန၏ ပကတိအခြေ အနေဖြစ်ပါသည်။

ပညာရေးဌာန၏ ရှင်းလင်းထုတ် ပြန်ချက်အရ ဒေါ်စိုးစိုးခိုင် ကျူးလွန် သော စည်းကမ်းဖောက်ဖျက်မှုများမှာ (၁) ကျောင်းချိန်နောက်ကျခြင်း၊ (၂) ခွင့် မဲ့ပျက်ကွက်ခြင်း၊ (၃) တာဝန်ရှိသူထံ မတင်ပြဘဲ ခရီးသွားလာခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ ကနဦး သတင်းများအရ ရှစ်လေးလုံး သတင်း စာရှင်းလင်းပွဲ တက်ရောက်ခြင်း ကိစ္စကို ဖျောက်ထားသည်ကို တွေ့ရပါသည်။

သတင်းများ ဖတ်ရှုရသမျှတွင် ဒေါ်စိုးစိုးခိုင်သည် ယင်းပျက်ကွက်မှုများ ကို ပညာရေးဌာန၏ စွပ်စွဲထားသလို မဟုတ်ဘဲ တစ်ခါတစ်ရံ ကျောင်းနှင့်အိမ် ဝေးကွာ၍ နောက်ကျခြင်း၊ သူ့အား ယခင်က စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တစ်စုံတစ်ရာ အရေးယူ ခြင်း၊ သတိပေးခြင်းမရှိခဲ့ခြင်း၊ သူ၏ ပျက်ကွက်မှုအတွက် ကျန်းမာရေး မ ကောင်း၍ ဆရာဝန်ထောက်ခံချက်နှင့် တကွ တာဝန်သိ ဝန်ထမ်းတစ်ဦးအနေ ဖြင့်တာဝန်ကျေစွာတင်ပြပြီးဖြစ်ကြောင်း ကိုလည်း သိရှိရပါသည်။ (ဆရာဝန် ထောက်ခံချက်ကိုပင် လိမ်လည်သည်ဟူ ၍ စွပ်စွဲထားပြန်ပါသည်။)

ထို့ကြောင့်ဖြစ်စဉ်ကို ခြုံငုံကြည့်ပါ က ဆရာမ ဒေါ်စိုးစိုးခိုင်အနေဖြင့် ဝန် ထမ်းစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု တော့ရှိမည်။ သို့သော် ယခုလို အလုပ် ထုတ်ပယ်သည့် ပြစ်ဒဏ် ချမှတ်ခြင်းက တော့ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုတော့ မရှိကြောင်း သုံးသပ်မိပါသည်။ ဝန်ထမ်း တစ်ဦးအဖို့ အလုပ်မှ ထုတ်ပယ်ခံရခြင်း သည် အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ပါ သည်။ ယင်းထက်ပိုလျှင် တရားဥပဒေ အရအရေးယူပေးရန်သာရှိပါတော့သည်။

ဘဝတစ်ခုလုံး ဖျက်ဆီးရာရောက်နေပါ သည်။ ယင်းပြစ်ဒဏ်မချမှတ်မီ ယခင်က သတိပေးခြင်းပြုခဲ့ပါသလား၊ ဝန်ထမ်း တစ်ဦးအဖို့ စည်းကမ်းဖောက်ဖျက်က အဆင့်ဆင့် အရေးယူမှု သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ နှစ်တိုးရပ် ဆိုင်းခြင်း၊ ရာထူးတိုးကန့်သတ်ခြင်း၊ အ ပြောင်းအရွှေ့ ပြုလုပ်ခြင်း စသည့်အရေး ယူမှုများ ပြုလုပ်နိုင်ပါသည်။ ဝန်ထမ်း အလုပ်ဖြုတ်သည်က ပြစ်မှုပြစ်ဒဏ်မျှတ မှု မရှိပါ။

ယခုအခါ ဒေါ်စိုးစိုးခိုင်အတွက် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများ က ဝင်ရောက်ဆောင်ရွက်ရန် ကြိုးပမ်းမှု များကိုလည်း တွေ့ရပါသည်။ အထူးသ ဖြင့် အခြေခံ ဆရာ၊ ဆရာမများ သမဂ္ဂ မဖွဲ့စည်းနိုင်ခြင်းက ဆရာ၊ ဆရာမများ အတွက် အားကိုးရာမဲ့နေပါသည်။ အခြေခံဆရာ၊ ဆရာမများ သမဂ္ဂများ လည်း အမြန်ဆုံးဖွဲ့စည်းရန် လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ ပညာရေးဌာနရှိ အခြေခံဆရာ၊ ဆရာမများအတွက် ဘဝ အာမခံချက်ရှိနိုင်မည်ဖြစ်ပါသည်။ သို့ မဟုတ်က မည်သူ့ကို အားကိုးရမှန်းမသိ ဘဲ ပညာရေးဌာန၏ တာဝန်ရှိ အထက် ပုဂ္ဂိုလ်များ၏ လက်ခုပ်ထဲကရေ ဖြစ်နေ မည်ဖြစ်ပါသည်။ ဒါက စနစ်ဟောင်း အမွေများသာဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉ဝ တွင် ''နိုင်ငံဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း၊ အမှုထမ်း စည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူ ခြင်းများကို ဥပဒေနှင့်အညီဆောင်ရွက် ရမည်''ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆရာမ၏ အမှုကိစ္စသည် ဥပဒေနှင့်အညီ ဆောင်ရွက်မှုဟုတ် မ ဟုတ်ကို ပြန်လည်စိစစ်ရန် လိုအပ်မည် ဖြစ်ပါသည်။

ယခုအခါ ပညာရေးလောကကြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် အဘက် ဘက်က ဝိုင်းဝန်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဖြင့် အကြောက်တရားကိုင်စွဲ အုပ်ချုပ် ပါက ပညာရေးလောကမမြှင့်တင်နိုင်ဘဲ ပိုမိုနိမ့်ကျဖို့သာရှိပြီး ပညာရေးဌာန ဆရာ၊ ဆရာမများ စိတ်ဓာတ်ကျဖို့ပင် ရှိပါသည်။ ပညာရေးလောကကြီး မြှင့် တင်နိုင်ဖို့မှာ အစိုးရက ရန်ပုံငွေတွေ တိုးမြှင့်ချပေးရုံ၊ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရုံဖြင့် မလုံလောက်ပါ။ ဒါက ရုပ်ဝတ္ထုပိုင်းသာဖြစ်ပါမည်။

အဓိကမှာ ပညာရေးဌာနတွင် လုပ်ကိုင် နေသော ဆရာ၊ ဆရာမများ၏ စားဝတ် နေမှု ဖူလုံရေး၊ စိတ်ဓာတ်များမြှင့်တင်ပေး ရေး၊ အောက်ခြေများ၏ အမှန်တကယ် ဖြစ်ပျက်နေမှုများကို သိရှိပြီး ပွင့်လင်း မြင်သာစွာ အရေးယူဆောင်ရွက်မှုရှိ ရေး၊ အထက်ကချမှတ်တာပဲ လုပ်ရမည်၊ နာခံရမည်မဟုတ်ဘဲ အောက်ခြေက တင်ပြမှုကိုလည်း ဂရုပြုနားထောင်ပြီး ဆောင်ရွက်ပေးရေးတို့သည် ပညာရေး လောကတွင် အမှန်လိုအပ်ချက်များ ဖြစ်နေပါသည်။

ယခုအခါ နိုင်ငံတော်သမ္မတကြီး ကလည်း ဝန်ထမ်းဟူသည် အာဏာပိုင် မဟုတ်၊ ပြည်သူကို အလုပ်အကျွေးပြုရ မည့် ပုဂ္ဂိုလ်များသာ ဖြစ်သည်။ အာဏာ ပြရန်မလို၊ ပြည်သူ၏ အကျိုးဦးထိပ် ထား ဆောင်ရွက်ရမည်ဟု တဖွဖွမှာ ကြားပြောဆိုနေပါလျက် ဝန်ကြီးမှ အစ အောက်ခြေသန့်ရှင်းရေး ဝန်ထမ်းအထိ ဝန်ထမ်းများဖြစ်ပါလျက် ပြည်သူကိုပင် မဟုတ်ဘဲ အထက်ဝန်ထမ်းက အောက်ဝန်ထမ်းကို အာဏာပြအကြောက်တရား၊ အမုန်းတရားဖြင့်အုပ်ချုပ်သည်မှာ မဖြစ် သင့်တော့ပါ။ သားသမီးလို ဆိုးသူကို ပြစ်ဒဏ်အလျောက်အရေးယူ၊ ကောင်း သူကိုလည်းချီးမြှောက်ပေးခြင်းဖြင့် မိဘ ကောင်းသဖွယ်ပြုမူဖို့ လိုအပ်ပါသည်။ အထူးသဖြင့် တိုင်းပြည်အတွက် အလွန် အရေးကြီးသော ပညာရေးဌာနလို ဌာန မျိုးက ပိုမိုလိုအပ်ပါသည်။

ထို့ကြောင့် ကျွန်တော့်ဆောင်းပါး ကို နိဂုံးချုပ်ရလျှင် ယခုအမှုကိစ္စတွင် ဆရာမလေးအပေါ် အလုပ်ထုတ်ပြစ် ဒဏ်ချမှတ်မှုကတော့ ပြစ်မှုပြစ်ဒဏ် မျှ တမှုမရှိဘဲ မလုပ်သင့်ပါ။ ပြန်လည်စိစစ် ပြီးပြစ်မှုနှင့်ပြစ်ဒဏ်မျှ တမှုရှိစေဖို့ ဆောင်ရွက်မှု ပြုမပြုကတော့ ယခုကိစ္စတွင် တာဝန်အရှိဆုံးဖြစ်သည့် သက်ဆိုင်ရာ ဝန်ကြီး၏ သဘောထားကိုသာ
စောင့် ကြည့်ရမည်ဖြစ်ပါကြောင်း ရေးသားရ ပါသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့