Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

ကလေးလုပ်သားလျော့ကျရေး ဒေါ်လာငါးသန်း အမေရိကထောက်ပံ့မည်


အာဆီယံဒေသတွင်း နိုင်ငံများတွင် ကလေးလုပ်သား တိုးပွားလာမှုများ ရင်ဆိုင်နေချိန် မြန်မာနိုင်ငံတွင် ကလေးလုပ်သား လျှော့ချရေးအတွက် အမေရိကန်ပြည်ထောင်စု အစိုးရ၏ နိုင်ငံတကာ အလုပ်သမားရေးရာ ဌာနက အမေရိကန်ဒေါ်လာငါးသန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုအစိုးရက ထုတ်ပြန်သည်။

ယင်းထောက်ပံ့ငွေ လျှောက်ထားသူများသည် အောက်တိုဘာလ ၄ ရက်နေ့ နောက်ဆုံးထားပြီး စာရွက်စာတမ်းအစုံ တင်သွင်းရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် အလုပ်သမားရေးရာ ဌာန၏ ယင်းစီမံချက်သည် မြန်မာနိုင်ငံ အတွင်းမှ လူမှုအဖွဲ့အစည်း များကို ကလေး လုပ်သားဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ပေးရန်နှင့် ကလေးများနှင့် ၄င်းတို့၏ မိသားစုဝင်များအတွက် ပညာသင်ကြားခွင့် အပါအဝင် အခြားလိုအပ်သော ဝန်ဆောင်မှု များရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။

ရန်ပုံငွေ လျှောက်ထားသူများတွင် မြန်မာနိုင်ငံအတွင်းမှ ကလေးလုပ်သား အချက်အလက်အစုံကို သုတေသန ပြုစုနိုင်မည့်သူများကို ဦးစားပေးမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ပုံငွေ လျှောက်ထားသူများသည် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည့် အပြင် လိုအပ်သော စာရွက်စာတမ်းများကို ဝါရှင်တန်ရှိ အမေရိကန် အလုပ်သမားရေးရာ ဌာနကို ပေးပို့ လျှောက်ထားနိုင်ကြောင်း၊ အမေရိကန်အစိုးရက ၄င်းတို့ သတ်မှတ်ချက် များနှင့် ကိုက်ညီသော အစီရင်ခံစာများကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အကြောင်းကြားမည် ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

မြန်မာနိုင်ငံမှ ကလေးလုပ်သားရေးရာ စိတ်ဝင်စားသူများအနေနှင့် အမေရိကန် အစိုးရ၏ တရားဝင် အင်တာနက်စာမျက်နှာ http://www.dol.gov/ILAB/grants/main.htm နှင့် http://www.grants.gov/ တို့တွင် အသေးစိတ်ဖတ်ရှုနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် သစ်ခုတ်၊ ဝါးခုတ်၊ ရော်ဘာစိုက်ခင်း၊ ကြံစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တို့တွင် လုပ်ကိုင်နေကြကြောင်း အမေရိကန် ကွန်ဂရက်၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထား သော ILAB အဖွဲ့၏ သုတေသနအရ သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့