Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

ကန့်သတ်ခုနှစ်မျိုးနှင့် ပိတ်ပင်ထားသည့် ပိုးသတ်ဆေး ၃၉ မျိုးရှိ

 အစိုးရသစ် ကာလတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အသီးသီးသို့ အာဏာခွဲဝေပေးပြီး ဖြစ်သည့်အတွက် အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိသော တရားမ၀င်ပိုးသတ်ဆေးများ
အပေါ် ၎င်းတို့မှ အရေးယူဆောင်ရွက်လျက်ရှိသည် ဟု သြဂုတ် ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ပိုးသတ်ဆေး များကို အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ပိုးသတ်ဆေး ဥပဒေအခန်း ၈၊ ၁၀၊ ၁၃ တို့တွင် ပိုးသတ်ဆေး ဖော်ထုတ်ရောင်းချခွင့် လိုင်စင်ရရှိသူ၏ တာဝန်နှင့်
ဆောင်ရွက်နိုင်ခွင့်များ၊ ပိုးသတ်ဆေးသုံးစွဲ သူများလိုက်နာရမည့် စည်းကမ်းများနှင့် တားမြစ်ချက်များကို အတိအလင်းဖော်ပြ ထားပြီး ပညာရှင်အဖွဲ့များကို ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တာဝန်ပေး၍ ပိုးသတ်ဆေး ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ ပိုးသတ်ဆေးစနစ် တကျသုံးစွဲရေးနည်းပညာများကို သင်တန်း ဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ကို တင်ပို့ရောင်းချတဲ့ ပိုးသတ်ဆေးတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် သုံးစွဲရမယ့် နည်းစနစ်များ၊ လက်ကမ်း စာစောင်များ၊ သုံးစွဲရမည့်အညွှန်းများကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့နဲ့ ၀န်ကြီးဌာန ပူးပေါင်းပြီး ရှမ်း၊ ပအို့ဝ်ဘာသာနဲ့ ရေးသားဖြန့်ဝေလျက် ရှိပါတယ်။ ချယ်ရီရေဒီယို အစီအစဉ်မှလည်း ပညာပေးအသံလွှင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးအုန်းသန်းက ပြောသည်။

ယင်းအပြင် ပိုးသတ်ဆေးဥပဒေမှာ ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သဖြင့် ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပူးပေါင်း၍ ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းများပြုလုပ်လျက် လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်ရှိကြောင်းလည်း ၎င်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်း ၀န်ကြီးဌာနသည် ပိုးသတ်ဆေး ဥပဒေကို ၁၉၉၀ ခုနှစ် မတ်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပိုးသတ်ဆေး ဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပိုးသတ် ဆေးအုပ်စု ခြောက်အုပ်စုကို ခွင့်ပြုထား ပြီး ကန့်သတ် ခုနစ်မျိုးနှင့် ပိတ်ပင်ထား သည့် ပိုးသတ်ဆေး ၃၉ မျိုးရှိကြောင်း သိရသည်။ ပိုးသတ်ဆေးအုပ်စု ခြောက်အုပ်စု ဖြစ်သည့် အော်ဂဲနိုဖောစဖိတ်အုပ်စု၊ အော်ဂဲ နိုကလိုရိုဒ်အုပ်စု၊ ပိုင်ရီသရိုက်အုပ်စု၊ နီကိုတီနွိုက်အုပ်စု၊ ကာဘာမိတ်အုပ်စု နှင့် အခြားအုပ်စုဝင် မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပဋိဇီဝဆေး၊ ဟော်မုန်းများ၊ ပိုးသတ်ဆေးများအား တရားဝင်ခွင့်ပြုထားခဲ့ပြီး တရားမ၀င်တင်သွင်းလာသည့် ပိုးသတ်ဆေးများ ကို ပိုးသတ်ဆေးဥပဒေအခန်း ၁၃ တားမြစ်
ချက်များ ပုဒ်မ ၃၀ မှ ၄၀ ထိပါ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စစ်ဆေးရေးမှူးများ တာဝန်ပေးအပ်ပြီး တရားမ၀င်ပိုးသတ်ဆေးတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေးခြင်း၊ တားမြစ်ခြင်း၊အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါ တယ်။ င်္ဗဥ စံချိန်စံညွှန်းများနဲ့အညီ ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးလျက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကို စိစစ်တင်ပြပြီး ယနေ့အထိ ပိုးသတ်ဆေးအမျိုးအစား ပေါင်း ၁,၇၁၆ ခု တရားဝင်ခွင့်ပြုခဲ့ပါတယ်”ဟု ဦးအုန်းသန်းက ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့