Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ရန်ကုန်ဆေးရုံကြီးဝန်ထမ်းများ ပိုက်ဆံယူကြောင်း ဝေဖန်မှုအပေါ် မကျေနပ်၍ ဆန္ဒပြ



ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ပိုက်ဆံယူကြောင်း ပြည်သူများနှင့် မီဒီယာ အချို့က ဝေဖန်ပြောဆိုမှုအပေါ် မကျေနပ်သောကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ အမျိုးသား သွေးလှူဘဏ် ရှေ့တွင် ဆန္ဒပြခဲ့ကြောင်း ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ငြိမ်းချမ်းရေး အတွက် လိုင်ဇာသို့ လမ်းလျှောက်မှုပြုလုပ် ခဲ့ဖူးသည့် ဦးမိုးသူက ပြောကြားသည်။

ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာဝန်၊ သူနာပြုများ အပါအဝင် အောက်ခြေဝန်ထမ်း များသည် ငွေကြေး တောင်းခံခြင်းများ ရှိနေသည်ဟု ပြည်သူများနှင့် သတင်းမီဒီယာ အချို့က ဝေဖန် ပြောဆိုနေခြင်းသည် ဆရာဝန်၊ ဆရာမ များ၏ စေတနာ၊ အောက်ခြေဝန်ထမ်း များ၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်း စေသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
"နိုင်ငံတော်က ချပေးထားတဲ့ အသုံးစရိတ် လောက်ငမှု မရှိတာကို အားလုံးသိပြီးသားပါ။ ပိုက်ဆံပေးရတာ ဒီဆေးရုံတစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးရုံကြီး တစ်ခုတည်းကိုပဲ လက်ညှိုးထိုး နေကြတယ်" ဟု ၄င်းကဆိုသည်။

ယခုဆန္ဒထုတ်ဖော်မှုတွင် အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဝန်ထမ်းများ မပါဝင်ကြောင်း၊ မိမိတို့ ဆန္ဒအလျောက် ထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

ဆန္ဒပြသူများတွင် ဆေးရုံဝန်ထမ်းများ ကိုယ်တိုင်မပါဝင် သော်လည်း ဒီမိုကရေစီအင်အားစုမှ အဖွဲ့ဝင်အချို့၊ ဆေးရုံဝန်ထမ်း မိသားစုဝင်အချို့နှင့် ဆေးရုံ တက်ရောက်စဉ် လိုအပ်သည့်ငွေကြေး စိုက်ထုတ်ကုသပေးခြင်း အပါအဝင် ကောင်းမွန်သော ကုသစောင့်ရှောက်မှု ရရှိခဲ့သည့် အတွက် ထောက်ခံဆန္ဒပြခဲ့သူ၊ ယင်းဆေးရုံကြီးတွင် တက်ရောက်ခဲ့ဖူးသူ ဒလ မြို့နယ်တွင် နေထိုင်သည့် ဦးအောင်ကျော်မိုး ဆိုသူလည်း ပါဝင်ကြောင်း အထက်ပါ ဆန္ဒ ပြသူများထံမှ သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် လူနာများ အတွက် အစိုးရက ထောက်ပံ့ထားသော အခြေခံ အသုံးအဆောင်များ ဖြစ်သည့် ဆေးထိုးအပ်၊ ဂွမ်း၊ ပတ်တီး စသည့် ပစ္စည်းများကိုပါ ငွေကြေးပေး ဝယ်နေရခြင်း များရှိနေကြောင်း ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေသူ ဦးဟိန်းမင်းဦး ကဆိုသည်။

ဆန္ဒထုတ်ဖော်မှုတွင် လူဦးရေ ၁၀ ဦးခန့် ပါဝင်ခဲ့ပြီး၊ သက်ဆိုင်ရာ လသာမြို့နယ် ရဲစခန်းထံသို့ ငါးရက်ကြိုတင်၍ လူ ၂၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း နေရာအခက်အခဲ ကြောင့် လူ ၂၀ ခန့်ဖြင့်သာ ဆန္ဒထုတ် ဖော်ခွင့်ရရှိခဲ့ကြောင်း ယင်းဆန္ဒထုတ်ဖော် သူများက ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့