Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 September 2013

ကန်ထရိုက်တိုက်ဆောက်ရန် ပိုင်ရိုက်စဉ် တုန်ခါမှုကြောင့် ပတ်ဝန်းကျင်ကန့်ကွက်၍ လုပ်ငန်းခွင်ခေတ္တရပ်

ပိုင်ရိုက်စဉ်တုန်ခါမှုများ၍ ခေတ္တရပ်နားထားသောလုပ်ငန်းခွင်ကို တာဝန်ရှိသူများလာရောက်စစ်ဆေးစဉ် ဓာတ်ပုံ-သန်းဌေး - 7daydaily အလုံမြို့နယ်၊ ငုဝါလမ်းအတွင်းရှိ ရှစ်ထပ်တိုက်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပိုင်ရိုက်နေခြင်းကို ပတ်ဝန်းကျင်ရှိနေထိုင်သူများက ကန့်ကွက်သောကြောင့် စက်တင်ဘာ ၆ ရက်မှစတင်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခေတ္တရပ်နားမိန့်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

အကျယ် ၂၅ ပေရှိပြီး အရှည် ပေ ၅၀ ရှိသည့် မြေပေါ်တွင် ရှစ်ထပ်တိုက်အဆောက်အအုံ တည်ဆောက်ရန် စက်တင်ဘာလဆန်း၌   ပိုင်စရိုက်သောအခါ အနီးအနားရှိအိမ်များတွင် နေထိုင်သူများက ငလျင်လှုပ်သကဲ့သို့ ခံစားနေရ၍ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား သွားရောက်တိုင်ကြားကြသောကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခေတ္တရပ်နားမိန့်ထုတ်လိုက်ကြောင်း အလုံမြို့နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““ပိုင်ရိုက်တဲ့စက်ရဲ့ ဂျောချော်တယ်လို့  သိရတယ်။   ဒါကြောင့် တုန်ခါမှုအနည်းနဲ့အများတော့ ရှိတာပဲ။ ခဏရပ်ထားပေးဖို့ စည်ပင်တာဝန်ရှိသူတွေက လာအကြောင်းကြားတာပါ။ ပညာရှင်ပိုင်းဆိုင်ရာက   ဆက်လက်ဆုံးဖြတ်ပေးပါလိမ့်မယ်””ဟု အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလာသည့် အလုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၊ စီမံရေးဌာနမှ ခေတ္တအုပ်ချုပ်ရေးမှူးက ပြောသည်။ယင်းအဆောက်အအုံနှင့်ကပ်လျက် ကန်ထရိုက်တိုက်အထပ်မြင့်များတွင် နေထိုင်သူများကလည်း ပိုင်ရိုက်ချိန်တွင် ငလျင်လှုပ်သကဲ့သို့ ခံစားရ၍ လုပ်ငန်းစတင်စဉ်ကပင် အလုပ်သမားများကို သွားပြောရာတွင် စက်ပိုင်းဆိုင်ရာချို့ယွင်းသောကြောင့် ပြင်ဆင်ပြီးပါက ထိုသို့မဖြစ်နိုင်တော့ကြောင်း ကတိပေးခဲ့သည်ဟု ဆိုသည်။

““နည်းပညာလိုအပ်ချက်တွေ ရှိမယ်ထင်တယ်။ ငလျင်လှုပ်သလိုဖြစ်နေတော့ ဘေးကအဆောက်အအုံတွေရဲ့ ကြံ့ခိုင်ရေးကို ထိခိုက်နိုင်ပါတယ်။ အိမ်မှာအိပ်နေရာက ပိုင်ရိုက်လိုက်တဲ့အရှိန်ကြောင့် လူက လိမ့်ကျသွားတယ်။ တခြားတိုက်တွေ ဆောက်ကြတုန်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး”” ဟု ယင်းအဆောက်အအုံဆောက်လုပ်နေသည့် မြေနေရာနှင့် တစ်လမ်းကျော်တွင် နေထိုင်သည့် အမျိုးသားကြီးတစ်ဦးက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပိုင်ရိုက်နေသည့် အလုပ်သမားတစ်ဦးကပြောရာတွင် ““တမင်တကာ အရွဲ့တိုက်တာမဟုတ်ပါဘူး။ ကန်ထရိုက်တာက ပရက်ရှာတစ်ဆယ်လိုချင်တယ်ဆိုလို့ လုပ်ပေးနေရင်း ဂျောချော်သွားတာ ပြန်ပြင်ပြီးရိုက်တော့လည်း တုန်တုန်းပဲလို့ ပြောကြတယ်။ ပေကိုးဆယ်အထိရိုက်ရမှာ””ဟု ၎င်းက ဆိုသည်။

““ပုံမှန်အားဖြင့် ပိုင်ရိုက်တယ်ဆိုတာ နည်းနည်းတော့တုန်ခါမှုရှိမှာပဲ။ အခုအချိန်ထိလုပ်နေခဲ့တာ၊ တာဝန်ယူခဲ့တဲ့ စည်ပင်ရဲ့ ခွင့်ပြုမိန့်နဲ့လုပ်ခဲ့တာပဲ။ ရပ်ဆိုရပ်ပေးထားတယ်။ လူကြီးပိုင်းတွေ ညှိနှိုင်းပြီး အဆင်ပြေမှ ပြန်လုပ်ပါ့မယ်””ဟု အဆိုပါဆောက်လုပ်ရေးကန်ထရိုက်တာကိုယ်စား ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလုပ်ငန်းခွင်အနီးရှိ ကန်ထရိုက်တိုက်များတွင် နေထိုင်သူများသာမက လမ်းတစ်ဖက်ခြမ်းနှင့် သုံးလေးတိုက်ကျော်ရှိ အထပ်မြင့်နှင့်လုံးချင်းတိုက်များတွင် နေထိုင်သူများကလည်း ပိုင်ရိုက်ချိန်များတွင် ငလျင်လှုပ်သကဲ့သို့ တုန်ခါခံစားရသည်ဟု ဆိုသည်။

““တော်ရုံတန်ရုံနှလုံးရောဂါရှိတဲ့လူဆို သေမှာ။ နောက်တစ်ခါဆို အိမ်မှာမနေရဲတော့ဘူး။ မနေ့ကဆို ခါတိုင်းထက်တောင် ဆိုးသေးတယ်။ တော်တော်လေးတုန်တာ၊ ဆင်မင်းလမ်းထိပ်ကတိုက်ဆိုလည်း    ပိုင်ရိုက်ပြီးဆောက်ခဲ့တာ ဘာမှမဖြစ်ပါဘူး””ဟု ယင်းမြေနေရာနှင့်  ပေတစ်ရာခန့်အကွာရှိ ငုဝါလမ်းထိပ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ထိုသို့ ဆက်လက်လုပ်ဆောင်နေပါက ယခုလုပ်ငန်းခွင်နှင့် မျက်စောင်းထိုးရှိ အရေးပေါ်လှေကားပြုတ်ကျ၍ အမျိုးသမီးတစ်ဦး သေဆုံးဖူးသည့် ကန်ထရိုက်တိုက်၊ အနီးအနားရှိ ဆောက်လုပ်ပြီးစ ကန်ထရိုက်တိုက်များ၊ အဆိုပါလမ်းထိပ်တွင် အနောက်ဘက်နံရံ ပြိုကျဖူးသည့် ကန်ထရိုက်တိုက် နှင့် ဘေးနှစ်ဖက်ရှိ ကန်ထရိုက်တိုက်များတွင် နေထိုင်သူများက အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ပတ်ဝန်းကျင်နေသူများ၏တိုင်ကြားမှုကို အလုံမြို့ နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စောရန်ပိုင်မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများက ကန်ထရိုက်တာ၊ ပိုင်ရိုက်နေသူအလုပ်သမားများနှင့် လာရောက်ညှိနှိုင်းကြရာမှ အလုံမြို့နယ်စည်ပင်သာယာရေးရုံးမှ လုပ်ငန်းလုပ်ကိုင်ခွင့် ခေတ္တရပ်နားမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့