Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

မယုံကြည်နိုင်ဖွယ်ရာ သဘာဝ ကျောက်တစ်လုံးမှ မီးကူး လောင်ကျွမ်း၍ ကျောက်စုသူ တစ်ဦး ဆေးရုံတင်ရ

 ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ကျောက်စုသူ တစ်ဦးသည် မယုံကြည်နိုင်ဖွယ်ရာ ကျောက်ငယ် တစ်လုံးမှ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ယမန်နေ့က ဆေးရုံ တင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဆေးရုံတင်လိုက်ရသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီး ကျေးရွာတွင် ကျောက်စု လုပ်ငန်းများကို လာရောက်လုပ်ကိုင်သူ အဖ ဦးမောင်သိန်းရီ၊ အမိ ဒေါ်နှင်းအေးခိုင်တို့၏သား ညီညီ အသက် (၂၀နှစ်) ဖြစ်သည်။

ပေါက်ကွဲမီးလောင်ပုံနှင့် ပတ်သက်၍ မီးလောင်ခံရသူ ကိုညီညီအား ကိုယ်တိုင်သွားကြည့်သူ ကိုညီစေ့ ဆိုသူက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ မနေ့က မွန်းလွဲ သုံးနာရီခွဲက အခုဒဏ်ရာရတဲ့ ကိုညီညီက ကျောက်စုပါတယ်။ ကျောက်စုတဲ့အခါ မြေအောက်က အနီရောင် ကျောက်တလုံးက သူရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပါတယ်။ အဲဒီ ကျောက်ကိုကြည့် လိုက်တဲ့ အခါ အနီ အမဲ ပေါင်းစပ်ထားတဲ့ ကျောက်လို့ပြောတယ်။ သူက အဲဒီ ကျောက်ကို လုံချည်ထဲကို ထည့်ပြီး ဘုတ်ပေါ်ကို တက်လာတယ်။”

၎င်းနောက် သူ့ခန္ဓာကိုယ်က မီးခိုများထွက်လာကြောင်း၊ ၎င်းနောက် ကျန်သူများမှာ ကြောက်ပြီး ရေထဲကို ခုန်ချ ထွက်ပြေးကြကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဘုတ်ပေါ်က လူတွေက ဟေ့ကောင် မင်းခန္ဓာကိုယ်က မီးခိုးတွေ ထွက်နေတယ်ဆိုပြီး ပြောတဲ့အခါ သူရဲ့ခန္ဓာကိုကနေ ဓါတ်ငွေ့တွေ ပျံ့ပီး မီးလောင်နေတယ်။ ကျန်တဲ့လူတွေက ကြောက်ပြီး ရေထဲကို ခုန်ဆင်းသွားကြတယ်။ သူ့ခန္ဓာကိုယ်ပေါ် မီးလောင်နေတဲ့ အတွက် ကျောက်ကို ရေထဲ  ကတန်းကမန်း ပစ်ချလိုက်တော့ မီးက နောက်တော့ ငြိမ်းသွားတယ်။ ဒါပေမယ့် လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားတဲ့ အတွက် အခု ကမ်းထောင်းကြီး ဆေးရုံမှာ တင်ထားရပါတယ်” ဟု ဆိုသည်။

မီးထလောင်သော ကျောက်မှာ ရေထဲမှ ကျောက်တူးနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါကျောက်အား လှပထူးဆန်းသဖြင့် လှေပေါ်မှ လူများကို ပြသရန် ယူလာစဉ် မီးလောင်းကျွမ်းခြင်း ဖြစ်သည်။

မီးလောင်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး ကမ်းထောင်းကြီး ရဲစခန်းမှူးကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ကြောင်း၊ ဒဏ်ရာမှာ ဗုံးပေါက်ကွဲ၍ ရရှိသော ဒဏ်ရာမျိုး မဟုတ်ကြောင်း၊ သဘာဝ ဓါတ်ငွေ့တခုခုကြောင့် မီးလောင်ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ နေရာ အနီးအနား တွင် ဓါတ်ငွေ့တခုခု ရှိနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ စခန်းမှူး အနေဖြင့်လည်း ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အထူး အံ့သြနေသည်ဟု ဆိုသည်။

၎င်းပြင် ယခုကဲ့သို့ သဘာဝ ကျောက်ငယ် တလုံးမှ အလိုလို မီးကူးစက် လောင်မှုကြောင့် ဒေသခံများကလည်း မယုံကြည်နိုင်ဘဲ အထူး အံ့သြနေကြသည်ဟု သိရသည်။

ယခု ပေါက်ကွဲသော ကျောက်အမျိုးအစားများကို မကြာခဏ တွေ့ရှိသော်လည်း တစုံတရာပေါက်ကွဲမှု၊ မီးလောင်မူ မရှိခဲ့ကြောင်း၊ ယခုအကြိမ်သာလျှင် မီးလောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့