Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 4 October 2013

ဧရာဝတီမြစ်အတွင်းမှ ကျွန်းမြေများ တရုတ်လုပ်ငန်းရှင်များ အပြိုင်ဝယ်ယူနေ

မန္တလေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများကို တွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7Day Daily မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ တောင်သူများလုပ်ကိုင်နေသော ကျွန်းမြေများကို  မန္တလေးမြို့မှ တရုတ်ကုန်သည်များက ဈေးပြိုင်ပေးကာ ၀ယ်ယူနေကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ် မင်းရဲလှ ကျေးရွာအုပ်စု၊ သံဗိုလ်ကျွန်းကျေးရွာရှိ ဧက ၃၀ နှင့် ၅၀ ကြားရှိမည့် ကျွန်းမြေများကို တရုတ်လုပ်ငန်းရှင်တစ်ဦးက ၀ယ်ယူထားပြီး ဟင်းရွက်စုကျေးရွာနှင့် ညောင်ပင်သာကျေးရွာရှိ ကျွန်းမြေများကိုလည်း အခြားတရုတ်ကုန်သည်များက ၀ယ်ယူထားပြီးဖြစ်ကြောင်း ယင်းကျေးရွာများတွင်နေထိုင်သော ဒေသခံများက ပြောကြားသည်။

““လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက စ၀ယ်နေတာ။ ခုချိန်ထိ အပြိုင်အဆိုင်ကို လာဝယ်နေကြတုန်းပဲ။ တောင်သူအချင်းချင်းရောင်းရင် မရနိုင်မယ့်ဈေးကို ပေးပြီးဝယ်တာ။ တောင်သူတွေကလည်း ကျေနပ်စွာပဲ ရောင်းကြတာပါ”” ဟု ညောင်ပင်သာကျေးရွာနေ အမျိုးသားကြီးတစ်ဦးက ပြောသည်။

ရောင်းချသည့် တောင်သူများက လက်မှတ်ထိုးပေးရခြင်း၊ မှတ်ပုံတင်ပြရခြင်း၊ ဘယ်ဘက်လက်ဗွေနှိပ်ပေးရခြင်းများ ပြုလုပ်ပေးရသည်ဟု ဒေသခံများကဆိုသည်။ လာရောက်ဝယ်ယူရာတွင် တရုတ်ကုန်သည်များကိုယ်တိုင် ဆင်းဝယ်ယူမှု နည်းပါးပြီး ပွဲစားများမှတစ်ဆင့် လာရောက်ဝယ်ယူလေ့ရှိကြောင်း၊ တစ်ဧကလျှင် ကျပ် လေးသိန်းမှ ၁၀ သိန်းကြား အထိ ပေးနေကြောင်း ရောင်းချလိုက်သည့် တောင်သူအချို့က ပြောသည်။

ရောင်းချလိုက်သည့် ကျွန်းမြေများတွင် မြေပဲ၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာ အစရှိသည့် ပဲမျိုးစုံ စိုက်ပျိုးလေ့ရှိကြောင်း၊ တောင်သူများအနေဖြင့် ပဲမျိုးစုံစိုက်ပျိုးရာတွင် တွက်ချေကိုက်မှုနည်းပါးလာသဖြင့် ဈေးကောင်းပေးနေချိန် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ကိုယ်တိုင် တစ်ဧကလျှင် လေးသိန်းသုံးသောင်းဖြင့် နှစ်ဧကရောင်းချလိုက်သူ ညောင်ပင်သာကျေးရွာမှ ဦးမာလွင်က ပြောသည်။

မန္တလေးမြို့ဝန်းကျင်ရှိ လယ်မြေများကို တရုတ်ကုန်သည်များက စိတ်ဝင်စားစွာ လာရောက်ဝယ်ယူနေကြပြီး ယခင်နှစ်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၀ဲယာလယ်မြေများနှင့် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ လယ်မြေများကိုလည်း တရုတ်ကုန်သည်များနှင့် အရောင်းအ၀ယ်  ဖြစ်ခဲ့ကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့