Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 2 October 2013

တပ်မတော်အစိုးရ ဆောက်လုပ်ခဲ့သည့် မြစ်ရေတင်စီမံကိန်း သုံးခုမအောင်မြင်ဟုဆို




တပ်မတော်အစိုးရ လက်ထက်က လယ်မြေဧကနှစ်သောင်းကျော် ရေပေးဝေမည် ဟုဆိုကာ ဧရာဝတီတိုင်း ဒေသကြီးတွင် တည်ဆောက်ခဲ့သည့် မြစ်ရေတင်စီမံကိန်း သုံးခုသည် အောင်မြင်ခြင်း မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အတွင်းရှိ မြစ်ကျိုး၊ ငပိဆိပ်၊ ကဇွန်းခုံ စသည့် မြစ်ရေတင် စီမံကိန်းသုံးခု အတွက် ရေပေးဝေရန် လျာထားမြေဧကမှာ ၂၂,၀၀၀ ဖြစ်ပြီး အမှန်တကယ် ပေးဝေနိုင်မှုမှာ တစ်ထောင်ပင် မပြည့်ကြောင်း ဦးခင်မောင်ရီက အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
"ဒါတွေက အလွတ်ပြောတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ တိုင်းဒေသကြီးစာရင်း တွေအရ ပြောတာ။ အဲဒီတော့ ဒီစီမံကိန်းတွေသည် မအောင်မြင်ဘူးလို့ ပြောလို့ရတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ စီမံကိန်းသုံးခုတွင် မြစ်ကျိုး မြစ်ရေတင် စီမံကိန်းမှာ တည်ဆောက်ဆဲ ဖြစ်ပြီး ကျန်နှစ်ခုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းသုံးခု အတွက် စုစုပေါင်း ငွေကျပ် သန်းသုံးထောင်ဝန်းကျင် ကုန်ကျခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။

အဆိုပါမြစ်ရေတင် စီမံကိန်းများမှာ လယ်ယာမြေ များအတွက် ထိရောက်စွာ အကျိုးမပြုနိုင်သဖြင့် ယင်းစီမံကိန်းများ အတွက် အသုံးပြုရသည့် လျှပ်စစ်ဓာတ် အားများကို ကျေးလက်မီးလင်းရေးတွင် အသုံးပြုရန် ဒေသခံများက ဆန္ဒရှိနေကြပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် သမ္မတ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို ကူညီရာရောက်မည် ဖြစ်ကြောင်း ဦးခင်မောင်ရီက ပြောကြားသည်။

မြန်အောင်မြို့နယ် အတွင်းရှိ မြစ်ရေတင်စီမံကိန်း သုံးခုနှင့် စပ်လျဉ်း၍ ဒေသခံလယ်သမား များနှင့် တွေ့ဆုံညှိနှိုင်းပြီး မြစ်ရေတင်စီမံကိန်း ဆက်လက် ဆောင်ရွက်ရန်၊ စီမံကိန်းတွင် ရယူနေသည့် လျှပ်စစ်ဓာတ်အားများကို ကျေးရွာမီးလင်းရေး အတွက် ခွဲဝေသုံးစွဲနိုင်ရန် စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ရန် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ၏ သဘောတူညီမှု ကိုလည်း ရယူပြီးဖြစ်ကာ ကျေးရွာမီးလင်းရေး အတွက် စီမံကိန်းဆောင်ရွက်စဉ်က မြေယာဆုံးရှုံးခဲ့သည့် ကျေးရွာများကို ဦးစားပေး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါမြစ်ရေတင် စီမံကိန်းများ တွင် မြစ်တွင်းသောင်ထွန်းမှု များကြောင့် မြစ်ရေတင်မှု အခက်အခဲကို ဖြေရှင်းရန် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး သောင်ခုံများကို တူးဖော်သွားမည် ဖြစ်ကြောင်း ဦးခင်ဇော်က ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့