ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေဖို့ အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ်များကို နယ်စပ် ကုန်သွယ်ရေး
ဦးစီးဌာနက နိုဝင်ဘာ လခန့်မှ စတင်ပြီး ဆောင်ရွက် ပေးလျက်ရှိရာ လာရောက် လုပ်ကိုင်သူ နည်းပါးနေသေး တယ်လို့ အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကဒ်များကို တမူး မြို့နယ်မှာ နိုဝင်ဘာလခန့်မှ စတင်ပြီး ပြုလုပ်ပေးခဲ့ရာ ကဒ်ပေါင်း ၄၀ ကျော် ပြုလုပ်ပေးခဲ့ပြီး မူဆယ်နဲ့ မြ၀တီ မှာတော့ ဒီဇင်ဘာလမှ စတင်ပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပြုလုပ်ပေး ရာမှာတော့ မူဆယ်မှာ ကဒ်ပေါင်း ၃၀ ကျော်နဲ့ မြ၀တီမှာ ကဒ်ပေါင်း ၁၀ ခု နီးပါးကိုသာ လာရောက် လုပ်ကိုင်မှုများ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ်များကို တမူးနဲ့ မူဆယ်မှာ ကုန်သွယ်မှု လုပ်ငန်းများ အတွက် ဆောင်ရွက်မှုရှိပြီး မြ၀တီ မှာတော့ အဆိုပါ ကဒ်များနဲ့ ကုန်သွယ်မှု မရှိသလောက် နည်းပါး နေတာ ဖြစ်ပါတယ်။ အဆိုပါ တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့် ကဒ်များကို အလတ်စားနဲ့ အသေးစား လုပ်ငန်းရှင်များ ကိုသာ ထုတ်ပေးတာ ဖြစ်ပြီး ကုမ္ပဏီကြီးများ ထောင်ထားသူတွေ ကိုတော့ ထုတ်ပေးခြင်း မရှိတာဘဲ ဖြစ်ပါတယ်။
အဆိုပါ ကဒ်များဟာ သက်တမ်း ၁ နှစ်ရှိပြီး ၁ ရက်ကို ငွေကျပ် ၁၀ သိန်းဖိုးနဲ့ ၁ ပတ်ကို သိန်း ၅၀ ဖိုး ကုန်သွယ်ခွင့် ရှိတာ ဖြစ်ပါတယ်။ ယခု လက်ရှိ မှာတော့ အဆိုပါ ကဒ်များကို တမူး၊ မူဆယ်နဲ့ မြ၀တီ မှာသာ ပြုလုပ်ပေး နိုင်သေးပြီး နောက်ပိုင်းမှာ အခြားနေရာ များမှာပါ ဆက်လက် ဆောင်ရွက် နိုင်အောင် ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment