Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

» နိုင်ငံ့ခေါင်းဆောင်များမိန့်ခွန်း ပုံမှန်နားထောင်သူ ကိုးရာခိုင်နှုန်းသာရှိ

 မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားမှုကို ပုံမှန်နားထောင်လေ့ရှိသူ ကိုးရာခိုင်နှုန်းသာရှိကြောင်း Action Aid နှင့် Myanmar Ergress တို့ ပူးပေါင်းကောက်ယူသော စစ်တမ်းအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၄ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နှစ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ လေးမြို့နယ်နှင့် ကရင်ပြည်နယ်အတွင်း လေးမြို့နယ်တို့ရှိ အစိုးရ၀န်ထမ်းများအပါအ၀င် ပြည်သူလူထု ၂၈၀၀ ကျော်ကို တစ်လကြာ မေးမြန်းစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထု ၆၃ ရာခိုင်နှုန်းသည် နိုင်ငံရေးခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားမှုကို ရံဖန်ရံခါ ကြုံကြိုက်သည့်အခါမှသာ နားထောင်လေ့ရှိကြပြီး ၂၈ ရာခိုင်နှုန်းမှာ နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားမှုကို နားထောင်မှုမရှိကြပေ။ ကျန်ရှိသည့် ကိုးရာခိုင်နှုန်းမှာ ပုံမှန်နားထောင်သူများ ဖြစ်ကြကြောင်း စစ်တမ်းရလဒ်အရ သိရသည်။

အဆိုပါစစ်တမ်းတွင် ပြည်သူလူထု နားထောင်ဖြစ်သည့် နိုင်ငံရေးခေါင်းဆောင်များ၏မိန့်ခွန်းကို ရွေးချယ်စေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၄၆ ရာခိုင်နှုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နှစ်ရာခိုင်နှုန်းသာ ရရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားမှုများကြောင့် အစိုးရ၏မူဝါဒနှင့် လုပ်ဆောင်ချက်များကို ပြည်သူလူထု ၇၄ ရာခိုင်နှုန်းက ပိုမိုသိရှိလာသည်ဟု ယူဆကြပြီး ၂၆ ရာခိုင်နှုန်းက မသိကြောင်း ဖြေဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူလူထုသို့ လစဉ် ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမှုများ ပြုလုပ်လျက်ရှိပြီး ၆၅ ရာခိုင်နှုန်းသည် ကြိုက်နှစ်သက်ကြပြီး ၃၀ ရာခိုင်နှုန်းသည် မည်သည့်မှတ်ချက်မှမပေးလိုဟု ဖြေဆိုကြသည်။ ကျန်ရှိသည့် ငါးရာခိုင်နှုန်းမှာ မနှစ်သက်ကြောင်း၊ မထောက်ခံကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံရေးခေါင်းဆောင်များ ပြောကြားသော အကြောင်းအရာများကို လက်ခံနားထောင်ခြင်း၊ လေ့လာစောင့်ကြည့်ခြင်း၊ အနေအထားမျိုးသာ ရှိနေသေးပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ ဒီမိုကရေစီနည်းလမ်းကျ နိုင်ငံရေးပါဝင်ပတ်သက်မှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း စစ်တမ်းကောက်နုတ်ချက်တွင် ဖော်ပြထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့