Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 September 2013

ပုသိမ်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခဲ့သည့် လုပ်သားတချို့အတွက် နစ်နာကြေး ၂ လစာပေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ DIG အထည်ချုပ်စက်ရုံက
အလုပ်ထုတ်ပစ်ခဲ့တဲ့ ဘွဲ့ရအလုပ်သမားတချို့အတွက် နစ်နာကြေးအဖြစ် ငွေကျပ် ၁
သိန်း ၂ သောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ကို လစာ ၆ သောင်းကျပ်နှုန်းထားနဲ့ ၂ လစာ နစ်နာကြေးပေးခဲ့တာပါ။
ပိုက်ဆံကို စက်ရုံမှာပဲခေါ်ပေးခဲ့ပါတယ်”လို့ နစ်နာကြေးရခဲ့တဲ့ DIG
အထည်ချုပ်က အမည်မဖော်လိုတဲ့ ဘွဲ့ရအလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံက ကတိပေးထားတဲ့အတိုင်း အခြေခံလစာ ၆ သောင်းကျပ် မပေးဘဲ ၅
သောင်းကျပ်သာ ပေးချေတဲ့အတွက် စက်ရုံကဘွဲ့ရအလုပ်သမားတွေကမကျေပ်နပ်လို့
ပြီးခဲ့တဲ့သြဂုတ်လ ၂ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။

အဲလိုဆန္ဒပြတဲ့အတွက် DIG စက်ရုံ တာဝန်ရှိသူတွေက ဆန္ဒပြတဲ့ဘွဲ့ရအလုပ်သမား ၃၄
ဦးကို နစ်နာကြေး ၅ သောင်းကျပ်ပေးပြီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

၅ သောင်းကျပ်ပေးပြီးအလုပ်ထုတ်တာကို မကျေနပ်တဲ့အတွက် ဘွဲ့ရအလုပ်သမားတွေဟာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရထံတိုင်ကြားခဲ့ရာမှာ တိုင်းအစိုးရအစီအစဉ်နဲ့
မြို့နယ် အဆင့်အလုပ်သမား ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့
ဖွဲ့စည်းပြီးဖြေရှင်းပေမယ့်လည်း ပြေလည်မှု မရခဲ့ပါဘူး။

“ကျမတို့တောင်းဆိုတာက အခြေခံလစာ ၆ သောင်းနဲ့ အလုပ်ပြန်ခန့်ပေးမလား။
အဲဒါဆို အလုပ်ပြန်ဆင်းမယ်။ တကယ်လို့အလုပ်ထုတ်မယ်ဆိုရင်လည်း
ကျမတို့ခံစားခွင့်အတိုင်း နစ်နာကြေး ၂ လစာပေးဆိုတော့ စက်ရုံကသဘောမတူဘူး။
သူတို့စီစဉ်တဲ့အတိုင်း ၁ လစာ နစ်နာကြေး ၅ သောင်းယူ၊ အလုပ်ပြန်လျှောက်
ဒါပဲပြောတယ်။ အဲဒါနဲ့ ဘယ်လိုမှ ညှိုမရဘူး”

“သူတို့က မြို့နယ်အဆင့် ညှိုနှိုင်းရေးဆိုပေမယ့် ကျမတို့ကို
ခေါ်ပြီးဆူသလိုဖြစ်နေတယ်။ ခရိုင်အလုပ်သမားရုံးက
ဒေါ်ကြည်အေးဆိုတဲ့အရာရှိဆိုရင် ရန်တွေ့သလိုကို ပြောတယ်။
ကျမတို့တင်ပြလိုတာတွေပြောဖို့လုပ်ရင်း သူကချည်းရှေ့ကပိတ်ပိတ် ပြောနေတာ။
တကယ်တမ်းပြဿနာဖြစ်လာချိန်မှာ ကျမတို့အလုပ်သမားတွေဘက်မှာ ဘယ်ဌာနဆိုင်ရာကမှ
ရပ်တည်တာမရှိဘူး။ မင်းတို့ဆန္ဒပြလို့ စက်ရုံမှာဘယ်လောက်
ထိခိုက်သွားသလဲဆိုပြီး စက်ရုံဘက်ကချည်းပဲ ကာကွယ်ပြောပေးနေကြတယ်”လို့
ညှိုနှိုင်းရာမှာပါဝင်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။

မြို့နယ်ညှိုနှိုင်းရေးအဆင့်အဖွဲ့နဲ့တွေ့ဆုံတဲ့တချိန်တည်းမှာပဲ
စက်ရုံဘက်ကနေ ဆန္ဒပြ အလုပ်သမားတချို့ကို နစ်နာကြေးငွေ ၅
သောင်းလက်ခံဖို့နဲ့ အလုပ်ပြန်လည်လျှောက်ထားဖို့
လိုက်လံစည်းရုံးမှုတွေလုပ်ခဲ့ကြောင်း သိရပါတယ်။

“ညှိုနှိုင်းရေးလုပ်နေတုန်း ကျနော်တို့အလုပ်သမားတွေနေတဲ့ အဆောင်တွေ
အိမ်တွေကိုလိုက်ပြီး သူတို့ပေးတဲ့ နစ်နာကြေး ၅ သောင်းတွေကို လိုက်ပေးတယ်။
ပိုက်ဆံ ယူထားပါ။ အလုပ်လည်းပြန်လျှောက်ပါ။ ပြန်ခန့်ပေးပါမယ်ပေါ့။
စက်ရုံဘက်က အဲ့လိုတွေ လိုက်လုပ်တဲ့အတွက် ဆန္ဒပြအင်အားစုထဲက လူ ၂၀
ကျော်လောက်က လက်ခံသဘောတူပြီး ငွေယူတဲ့လူကယူ
အလုပ်ပြန်လျှောက်တဲ့ဖောင်ပြန်တင်တဲ့လူတွေက ပြန်တင်ဖြစ်ကုန်တယ်”လို့
ဘွဲ့ရအလုပ်သမားလူငယ်က ပြောပြပါတယ်။

နောက်ဆုံးမှာတော့ အလုပ်သမား ၂၂ ဦးက ငွေကျပ် ၅ သောင်းကိုလက်ခံခဲ့ပြီး
အဲဒီထဲက ၁၈ ဦးကတော့ အလုပ်ပြန်ဆင်းဖို့ အလုပ်လျှောက်လွှာအသစ်တွေ
ပြန်တင်ခဲ့တယ်လို့ သိရပါတယ်။

သဘောမတူဘဲကျန်ခဲ့တဲ့အလုပ်သမား ၁၂ ဦးက တိုင်းအဆင့်ခုံသမာဓိရုံးကို
တိုင်ကြားခဲ့ရာမှာ စက်ရုံကအလုပ်ထုတ်ပစ်တာဖြစ်တဲ့အတွက် အလုပ်သမားတွေကို
လစာ ၆ သောင်းကျပ်နဲ့ နစ်နာကြေး ၂ လစာပေးအပ်ဖို့ ခုံသမာဓိရုံးက
ဆုံးဖြတ်ခဲ့ပါတယ်။

“ရတဲ့ငွေက နည်းခြင်းများခြင်းဆိုတာထက် ကျနော်တို့အလုပ်သမားတွေအပေါ်
အလုပ်ရှင်ဘက်က လုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတာ ထင်ရှားခဲ့တဲ့အတွက်
ကျေနပ်ပါတယ်။ အလုပ်ပြန်လျှောက်သူတွေကို ပြန်ခန့်တယ်လို့တော့ ခုချိန်အထိ
မကြားမိသေးပါဘူး။ ပြန်လျှောက်ရာမှာလည်း အရင်ရာထူး၊
အရင်လစာနဲ့ပြန်ခန့်မယ်လို့လည်း သူတို့ဘက်က ကတိပေးထားတာမရှိဘူး။ ဘယ်အချိန်
ဘယ်ကာလအတွင်း ပြန်အလုပ်ခန့်ပေးမယ် ဆိုတာလည်း သတ်မှတ်ထားတာမရှိဘူး။ အဲတော့
ပြန်ခန့်မယ်လို့လည်း ကျနော်တော့ မထင်ပါဘူး။ ဘာလို့ဆိုတော့
ပြန်မခန့်ချင်လို့မှ အလုပ်ထုတ်ပစ်ခဲ့တာမို့လား”လို့ ဘွဲ့ရအလုပ်သမားလူငယ်က
ပြောပါတယ်။

ပုသိမ်စက်မှုဇုန်မှာရှိတဲ့ DIG အထည်ချုပ်စက်ရုံကို
လုပ်ငန်းရှင်ဦးဇော်လင်းလက်အပါအ၀င် လုပ်ငန်းရှင် ၁၀ ဦးက
စုပေါင်းတည်ထောင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့က
တိုင်းအစိုးရ ၀န်ကြီးချုပ် ဦးသိန်းအောင်ကိုယ်တိုင်
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီးမှာတော့ ပုသိမ်စက်မှုဇုန်တခုတည်းမှာပဲ
အထည်ချုပ်စက်ရုံ တည်ဆောက်လည်ပတ်နေတာ ဖြစ်ပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့