Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ


ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မ—-သည် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး စက်တင်ဘာလ ၁ ရက် မနက် (၁) နာရီကျော်ခန့်တွင် တညင်းကုန်းရှိ မိဘများနေအိမ်သို့ ဆိုင်ကယ်ကယ်ရီငှား၍ သွားစဉ် ရွှေပြည်သာ တံတားပေါ် အရောက် ၄င်းတံတား၌ တာဝန်ကျ ဒုတပ်ကြပ်ဝင်းဌေးက ဆိုင်ကယ်ကို တားကာ ဆိုင်ကယ်ကြုံလိုက်ရန် ပြောဆိုရာမှ ကယ်ရီသမားနှင့် ရန်ဖြစ်ခဲ့ ကြသည်။

ကယ်ရီသမားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကျန်ရှိခဲ့သည့် မ—-သည် အဆိုပါ ရဲကင်းတွင် ရေတောင်း သောက်ရာမှ ၄င်းတာဝန်ကျ ရဲဝန်ထမ်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ်္မပြုကျင့်နေစဉ် ထွက်ပြေးသွားသော ကယ်ရီသမားအပါအ၀င် လူ (၅) ဦး ရောက်ရှိလာပြီး တာဝန်ကျ ရဲဝန်ထမ်းသုံးဦးနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။  ၄င်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လှိုင်သာယာရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့ရာ နံနက်မိုးသောက်ချိန်တွင် ပါဝင်ကူညီသူ လူ (၅) ဦးအား ပြစ်မှုနှင့် မသက်ဆိုင်ဟူ၍ လွှတ်ပေးခဲ့ပြီး နောက်အချိန် အနည်းငယ်ကြာ ရဲစခန်းမှ စစ်ဆေးရန် ကျန်ရှိသည်ဟုဆိုကာ ဆိုင်ကယ်များသိမ်း၍ ယင်း (၅) ဦးကိုလည်း ရဲစခန်းမှ တရားစွဲဆိုခဲ့ကြောင်း မ—-က မြန်မာသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မှုဒိမ်းမှုကျူးလွန်သူ ဒုတပ်ကြပ် ၀င်းဌေးအား လှိုင်သာယာ ရဲစခန်း၌ ပုဒ်မ (၃၇၆) (ပ)၉၈၂/၁၃ ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ထန်းတပင်မြို့နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦး အဖွဲ့ဖြင့် ခုံရုံးဖွင့် စစ်ဆေး နေပြီဖြစ်ရာ လှိုင်သာယာ မြို့မရဲစခန်းက (ပ)၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့် လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက၆ (၁) ဖြင့် လည်းကောင်း စစ်ဆေးလျက် ရှိသည်။

“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်””ဟူ၍ ပြစ်မှု ကျူးလွန်ခံရသော မ—- က ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “သူကိုယ်တိုင်က ကာကွယ်ရမယ့်အစား အခုလို လုပ်တာ ခံယူချက် ကွာလို့ပါ။ တချို့ ရဲအ၀တ်အစား မ၀တ်ထားပေမယ့် ဒုက္ခရောက်ရင် ကူညီတယ်။ သူ့လုပ်ရပ်က ရဲတပ်ဖွဲ့ အားလုံးကိုတော့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ အဆင့်ဆင့်က သေချာစီမံပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ဒါမှ နောင်ဖြစ်လာမှာ မဟုတ်တော့ ဘူး”ဟု သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ အချိန်နှင့်အမျှ သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ ခုံရုံးအဖွဲ့ စစ်ဆေးမှုရလဒ်များမှ အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ပြန်လည် ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အခု ပြည်သူ ၅ ဦးကိုလည်း ဖမ်းထားသလို ရဲကိုလည်း ဖမ်းထားတယ်။ ခုံရုံးဖွဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စစ်ဆေးနေတယ်။ အဲဒီက အဖြေရလဒ် ထွက်လာတော့မှ သူ့ကို (ရဲ) လက်ရှိ ပြစ်မှုပြစ်ဒဏ်နဲ့အညီ အရေးယူရမှာမို့လို့ တစ်သက်တစ်ကျွန်းလည်း ဖြစ်နိုင်တယ်။ ပြစ်မှုအရ သူ့ပုဒ်မအလိုက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်။ အခု စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ အခု ရဲကို ဘယ်မှာ ချုပ်ထားလဲဆိုတာ ပြောလို့ မရပါဘူး” ဟု ပြောသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့