လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 5 September 2013

တရွတ်တိုက် လိုက်ရဦးမည့် လမ်းဆုံနိုင်ငံ

မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်မည်လော။

လက်ရှိ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုအပိုင်းသည် အာဆီယံနိုင်ငံများတွင် ဘိတ်ဆုံး။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းတာသော Logistics Performance Index သည်လည်း ၂ ဒသမ ၃၇ သာရှိပြီး အိမ်နီးချင်း လာအိုနှင့် ထိုင်းနိုင်ငံတို့အောက် နိမ့်ကျကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံနှစ်ခုစလုံးနှင့် အာဆီယံဒေသတွင်း ဆယ်နိုင်ငံတို့ကို ဆက်စပ်ပေးမည့် လမ်းဆုံသည် မြန်မာနိုင်ငံကို ဖြတ်သန်း ဖောက်လုပ်နေရ သဖြင့် ဆယ်စုနှစ်ကျော်ကြာ ပိတ်ဆို့ ရပ်တန့်မှုများရှိခဲ့သည်။

အာဆီယံဒေသတွင်း နိုင်ငံများအကြား လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက် အမြင့်ဆုံးနိုင်ငံ ဖြစ်နေသော်လည်း ရေမြေအနေအထားအရ အရှေ့၊ အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် အဓိက အချက်အချာနိုင်ငံ ဖြစ်လာနိုင်သောကြောင့် ၂၀၁၀ အစိုးရသစ်နောက်ပိုင်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ ဖြစ်နေသည်။

ပြည်တွင်း အထည်ချုပ်နှင့် ဆန်စပါးပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ အဓိကအများဆုံး အသုံးများသော ရေလမ်း ကုန်သွယ်ရေးတွင် ထားဝယ်နှင့်ကျောက်ဖြူ ရေနက်စီမံကိန်းကြီးများကို အခွင့်အလမ်း တစ်ခုဟု ထင်မှတ်ထားပြီး ယင်းစီမံကိန်း များပြီဆုံးပါက ဥရောပ၊ အာရှနိုင်ငံများသို့ ကုန်သွယ်စီးဆင်းမှုပိုင်း လွယ်ကူသွားမည် ဖြစ်ကြောင်း ယုံကြည်ကြသည်။

ကားလမ်းကိုသာ

မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော လမ်းပိုင်း စီမံကိန်းကြီး သုံးခုရှိသည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်မည့် အာရှလမ်းမကြီး၊ အာဆီယံ နိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး ဆောင်ရွက်ရန် ဖောက်လုပ်နေသော အာဆီယံလမ်းမကြီးနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများ ချိတ်ဆက်မည့် GMS (Greater Mekong Sub region) စီမံကိန်းလမ်းမကြီး တို့ ဖြစ်သည်။

အစိုးရက ယင်းစီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီး ဖြစ်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရေးပိုင်းတွင် အားနည်းနေကြောင်း၊ အထူးသဖြင့် အနီးကပ်ဆုံး လာမည့် ၂ဝ၁၅ ခုနှစ်တွင်စတင်မည့် လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ အစိုးရ အကောက်ခွန်ကဏ္ဍတို့တွင် လိုက်နာ လက်မှတ်ရေးထိုးရမည့် အပိုင်းများ ရှိနေသေးကြောင်း ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) က The Voice သို့ ပြောကြားသည်။

လက်ရှိ အာဆီယံတွင် လမ်းပိုင်းဆိုင်ရာ အတွက် ချုပ်ဆိုထားသောစာချုပ် အားလုံး သုံးခုရှိသည့်အနက် ကုန်စည်များ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်တွင် အကောက်ခွန်ပိုင်း ဆိုင်ရာအတွက် ညှိနှိုင်းဆဲ အခြေအနေသာ ရှိပြီး တည်ဆဲဥပဒေများ ကိုလည်း ပြန်လည် ပြင်ဆင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က The Voice သို့ ပြောဆိုသည်။

ယင်းသို့ လုပ်ထုံးလုပ်နည်းပိုင်းတွင် အခက်အခဲများစွာ ရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုင်းတွင်လည်း အာဆီယံ အဆင့်မီလမ်းမကြီးများ ရှားပါးလျက် ရှိသည်။

အာဆီယံ ဆယ်နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်မည့် ယင်းစီမံကိန်းတွင် မြန်မာနိုင်ငံ၌ ကီလိုမီတာ ၄၅၃၄ ရှိပြီး အဆင့်အမီဆုံး လမ်းမကြီးများ လုံးဝမရှိသေးဘဲ အဆင့်တစ် လမ်းမကြီး ၁၄၇ ကီလိုမီတာ သာရှိကြောင်း၊ အနိမ့်ဆုံးအဆင့် လမ်းမကြီး မှာ ကီလိုမီတာ ၂၁၂၅ ရှိသည့်အပြင် ကီလို မီတာ ၂၀၁ သည် လမ်းလုံးဝ မပေါက်သေးသော အာဆီယံလမ်းမကြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ASEAN Highway Fact & Department of Highways က ထုတ်ပြန်ထားသည်။

“ဂျပန်ဆို ကုန်းလမ်းက သွားရင် ၃ ရက်လောက်ပဲ ကြာတယ်။ ရေလမ်းက သွားရင် တစ်ပတ်လောက် ကြာသွားတယ်။ စရိတ်တော့ သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

ကုန်းလမ်းကို ရွေးချယ်လိုကြသော်လည်း မြဝတီဘက်လမ်းပိုင်းသည် မိုးရာသီ ဆိုပါက လမ်းပန်းဆက်သွယ်ရေး အခက် အခဲများရှိနေသည့်အတွက် ရေလမ်းခရီးကို သာပိုသုံးဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြော ကြားသည်။

ဆိပ်ကမ်းထွက်ပေါက်နိုင်ငံ

ကုန်သွယ်မှုကဏ္ဍအတွက် အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ရေလမ်းပိုင်းကိုသာ ပိုမို အသုံးပြုလာကြသည်။
၂၀၀၀ ပြည့်နှစ်က ကုန်တင်ကုန်ချ ပို့ဆောင်ရေးပိုင်းတွင် မီးရထားကိုသာ အသုံးပြုလာကြပြီး ၂၀၀၇ ခုနှစ်ခန့်ထိ အသုံးပြုသူ များပြားခဲ့ရာမှ အစိုးရသစ်မတိုင်ခင်တွင် ရေလမ်းခရီး အသုံးပြုမှုသည် သိသိ သာသာ တိုးမြှင့်လာသည်။ ယခုအချိန်တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ၏ရွေးချယ်မှုသည် ရေလမ်းခရီးသာ ဖြစ်နေသည်။

“ကိုယ့်ရဲ့ဝယ်သူပေါ်မူတည်ပြီး ကုန်သွယ်တဲ့လမ်းတွေ ရွေးချယ်ကြတာ များတယ်။ သင်္ဘောနဲ့ ကားနဲ့ ဘာက ပိုရွေးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ သင်္ဘောကို အများဆုံးရွေးဖြစ်တယ်” ဟု အာဖရိကသို့ ဆန်တင်ပို့နေသည့် Infinity Innovation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံဦး က The Voice သို့ ပြောကြားသည်။

ကုန်ပစ္စည်းများ ပို့ဆောင်မှုအပိုင်းတွင် ကုန်းလမ်းကို အသုံးပြုမည်ဆိုပါက ပိုမိုမြန်ဆန်နိုင်မည် ဆိုသော်လည်း ရေလမ်းခရီးသည် ကုန်ကျစရိတ် သက်သာသည့်အတွက် ပိုမို အသုံးပြုလာနိုင်ကြောင်း၊ လာမည့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် ကျောက်ဖြူ ရေနက်စီမံကိန်းများလည်း ရှိနေသေးသည့်အတွက် ရေလမ်းပိုင်းကိုသာ ရွေးချယ်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။

အစိုးရက စာချုပ်ချုပ်ဆိုထားသော လမ်းပိုင်းဆိုင်ရာ စာချုပ်များအနက် GMS စီမံကိန်းသည် ကုန်းလမ်းပိုင်းအတွက် သာမက ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင်း အတွက်လည်း အကူအညီဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဓိကလမ်းကြောင်း သည် မြန်မာနိုင်ငံတွင် ရှိကြောင်း အင်ဂျင် နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ရှင်းပြသည်။

GMS စီမံကိန်း၏ အဓိကလုပ်ငန်း သုံးခုထဲမှ အရှေ့၊ အနောက် စီးပွားရေး ပူးပေါင်းမှု စီမံချက်ကို မော်လမြိုင်-မြဝတီ-မက်ဒဟန်(ထိုင်း)-ဒန်စဝါ(Dansavanh)(လာအို)-ဒါနန်း(ဗီယက်နမ်) တွင်ပြုလုပ်ရန် လျာထားသည်။
ယင်းအပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကလည်း မြန်မာ့ ရေနက်ဆိပ်ကမ်းများကို အသုံးပြုကာ အရှေ့၊ အနောက် နိုင်ငံကြီးများနှင့် ဆက်သွယ်ရန် ဆန္ဒရှိကြသည့်အတွက် အစိုးရက ရေနက်ဆိပ်ကမ်း စီမံကိန်းများကို သေချာကိုင်တွယ်ပြီး နိုင်ငံဝင်ငွေ ရှာဖွေနိုင်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

၂၀၁၅ ကို တရွတ်တိုက် လိုက်မည်

လူ့စွမ်းအားအရင်းအမြစ် နည်းပါးမှု၊ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းပိုင်း အားနည်းချက်နှင့် ငွေကြေး လိုအပ်ချက် များကို ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (ASEAN Free Trade Area) မတိုင်ခင် အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက် နည်းနေသေးသည်။

တစ်ဖက်တွင်လည်း ကုန်စည် ပို့ဆောင်မှုပိုင်းအတွက် ပြင်ဆင်ကုန်ကျစရိတ် များကို အစိုးရချည်း တည်ဆောက်မည်ဆိုပါက ငွေကြေးလိုအပ်ချက် မြင့်မားပြီး လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲသည်။
ယင်းကြောင့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)တို့၏ အကူအညီများစွာ လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။

မြန်မာနိုင်ငံသည် ကံအကြောင်း လှပြီး အချက်အချာကျသော နေရာကို ပိုင်ဆိုင် ထားသော်လည်း စီမံခန့်ခွဲမှုပိုင်း အားနည်းသောကြောင့် ဒေသတွင်းနိုင်ငံများကို လိုက်လံမှီငြမ်းနေရသည့်နိုင်ငံ ဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေးပိုင်း တိုးတက်လာရင် အစိုးရက ဘာမှလုပ်စရာ မလိုဘူး။ ကိုယ့်ဆီ ဝင်လာတဲ့ သူတွေဆီက ပိုက်ဆံတွေ လွယ်လွယ်ရနေပြီးသားပဲ။ လိုတာက လူ့စွမ်းအား အရင်းအမြစ်ပိုင်းပဲ” ဟု လမ်းပန်းဆက်သွယ်ရေး သုတေသန ပညာရှင် ဦးအောင်မြင့်က ဆိုသည်။

ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ လူမှုစီးပွား ရိုက်ခတ်မှုဒဏ်များကို ခါးစည်း ခံနေရသည့် မြန်မာနိုင်ငံအတွက် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုသည် နိုင်ငံ၏ သဘာဝသယံဇာတများ မထိခိုက်ဘဲ ဝင်ငွေရရှိနိုင်သော နည်းလမ်းအသစ် ဖြစ်လာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ထောက်ပြ သုံးသပ်ခဲ့ကြသည်။

မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်ရန် မေးခွန်းအတွက် တိကျသည့် အဖြေများကား ဝေဝါးနေဆဲ။ အာဆီယံ၊ အိန္ဒိယနှင့် တရုတ်တို့အကြား လမ်းဆုံနိုင်ငံအဖြစ် အမြဲတစေ ဂုဏ်ယူဖွယ်ရာ ထုတ်ဖော်ပြောဆိုလေ့ ရှိသော်လည်း လက်တွေ့ အကျိုးကား လေထဲတွင် ရှိသေးသည်။

“အစိုးရက လုပ်နေပေမယ့် ၂၀၁၅ ကိုတော့ တရွတ်တိုက် လိုက်ရဦးမှာပဲ။ ပို့ဆောင်ရေးမှာ အာဆီယံနိုင်ငံ တွေရော၊ နိုင်ငံတကာမှာရော အဆင့်မီဖို့ ခဲယဉ်းဦးမယ်” ဟု ဦးအောင်မြင့်ကဆိုသည်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့