Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 4 October 2013

သပိတ်စခန်းဆက်ဖွင့်လျှင်ဖယ်ရှားမည်ဟု တာဝန်ရှိသူပြော

 သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေ ပြည်သူများကို သပိတ်စခန်း ဆက်လက်ဖွင့်ကာ ပြုလုပ်နေပါက ဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ခွင့်ပြုမိန့် မတောင်းခံဘဲ မဟာဗန္ဓုလပန်းခြံဘေးတွင် အောက်တိုဘာ ၂ ရက်မှစ၍ သပိတ်စခန်းဖွင့်ကာ မြေနေရာ ပြန်လည်ရရှိရေးအတွက် တောင်းဆိုခြင်းကို ဥပဒေနှင့်မညီသောကြောင့် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
““အင်အားသုံးပြီး ဖယ်ရှားရင် နိုင်ငံတော်ထိခိုက်ပါတယ်။ တောင်းဆိုတဲ့အထဲမှာလည်း အသက်အရွယ်ကြီးအမျိုးသမီးတွေ များနေတယ်။ အဲဒါကြောင့် ချိန်ဆနေတာပါ။ သူတို့ဘက်က အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ”” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

အဆိုပါ သပိတ်စခန်းဖွင့် တောင်းဆိုနေသောသူများအား အောက်တိုဘာ ၂ ရက်က ခေါ်ယူတွေ့ဆုံညှိနှိုင်းကာ မြေနေရာပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားများကိုတင်ပြ၍ သပိတ်စခန်း ပိတ်သိမ်းပေးပါဟု ပြောကြားခဲ့ကြောင်း ၀န်ကြီးက ဆက်ပြောသည်။
““မလုပ်ရဲလို့ မဟုတ်ပါဘူး။ သူတို့ကို မြှောက်ပေးတဲ့သူတွေ ရှိပါတယ်။ ပုဒ်မ ၁၈ နဲ့ အရေးယူရမှာကို အကြမ်းဖက်ရင် မကောင်းလို့ ကြည့်နေတာပါ”” ဟု အမှတ် ၃ တပ်ရင်းစု ကွပ်ကွဲရေးမှူး ရဲမှူးကြီးသက်လွင်က ပြောသည်။

၁၉၉၂ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်တွင် နေထိုင်သော အိမ်ထောင်စု ၁၂၀၀ ကို မြန်မာ့မီးရထားပိုင်မြေဟုဆိုကာ စစ်တပ်မှ ဖယ်ရှားခဲ့သည်ဟုဆိုသည်။ ထိုဖယ်ရှားခံ ပြည်သူများကို ပဲခူးရိုးမအစပ်ရှိ အေးသာယာနှင့် အေးမြသာယာ၊ မော်လမြိုင်မြို့ နယ်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ တို့တွင် အသီးသီးမြေနေရာများပေးခဲ့ကြောင်း သတင်းရရှိသည်။
““ဘာလျော်ကြေးမှ မပေးပါဘူး။ အဲဒီမြေတွေက ဘိုးဘွားပိုင်မြေတွေပါ။ အထောက်အထား ပိုင်ဆိုင်ကြောင်းတွေကတော့ မရှိပါဘူး။ အိမ်နံပါတ်တွေပဲ ရှိပါတယ်”” ဟု မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်မှ သပိတ်စခန်းဖွင့်ရာတွင် ဦးဆောင်သူ ဦးစိန်သန်းက ပြောသည်။

ယခင်ကတည်းက နေထိုင်လာသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေ ပြည်သူများကို ၁၉၉၂ ခုနှစ်တွင် ဖယ်ရှားကာ ၎င်းနေရာကို တပ်မတော်မိသားစု သက်သာချောင်ချိရေးအတွက် ပန်းစိုက်ပျိုးသောသူများကို လစာဖြင့် မြေငှားရမ်းခဲ့သည်။ ယခုနှစ် ဇွန်လ ၁၃ ရက်တွင် ၎င်းနေရာ ငှားရမ်းနေထိုင်သောသူများကို စစ်တပ်မှ အင်အားသုံးကာ ထပ်မံဖယ်ရှားခဲ့သည်။ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေနေရာများတွင် ယခုလက်ရှိအချိန်ထိ မည်သူမျှ နေထိုင်ခြင်း ရှိမနေပေ။
သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုသူများသည် ၎င်းတို့ မြေနေရာများ ပြန်လည်ပေးအပ်မည်ဟုကတိပေးမှ သပိတ်စခန်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုသည်။ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက် မြေဧက ၃၃ ဒသမ ၈၅၅ ဧကထဲမှ နှစ်ဧကသာ ပြည်သူပိုင်ဆိုင်ကြောင်း ကျန်မြေဧကများမှာ မြန်မာမီးရထားနှင့် အစိုးရမှ ပိုင်ဆိုင်ကြောင်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ ဒေါ်ခင်မေဦးက ပြောကြားသည်။

သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေကြသော မိကျောင်းကန်မှ ပြည်သူ ၃၀၀ ကျော်သည် သက်ကြီးအမျိုးသမီးများ အများဆုံး ပါဝင်နေပြီး ၎င်းတို့အထဲမှ ငါးဦး ကျန်းမာရေးအခြေအနေကြောင့် ပြန်သွားရသည်။ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လေဖြတ်သွားခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒပြသူများ ကျန်းမာရေးအတွက် အကူအညီပေးရန် အစိုးရက ကြက်ခြေနီကားတစ်စီး ထားပေးထားသည်ကိုတွေ့ရသည်။
မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်  / ဓါတ်ပုံ -  RFA 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့