Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 June 2013

သူရဦးရွှေမန်း ပထမဆုံးအမေရိကခရီးစဉ် ယနေ့စတင်

 



ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် စတင်တာဝန်ယူတော့မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ပထမဆုံးအမေရိက ခရီးစဉ်သွားရောက်ရန် ယနေ့ (ဇွန်လ ၈ ရက်နေ့) မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးထံမှ သိရသည်။

သူရဦးရွှေမန်း၏ ခရီးစဉ်တွင် ဝါရှင်တန်မြို့တော်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့် ကုလသမဂ္ဂရုံး တို့သို့ သွားရောက် မည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။
"အမေရိကန်ကွန်ဂရက်ရဲ့ လုပ်ပုံကိုင်ပုံတွေ လေ့လာမယ်။ အဲဒီက လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အဓိက တွေ့မှာပါ" ဟု ဦးလှမြင့်က ဆိုသည်။

ယင်းခရီးစဉ်တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဆယ်ရက်ကြာ နေထိုင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခရီးစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးလှမြင့်ဦး၊ ဒေါက်တာဝင်းမြင့်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်တို့ လိုက်ပါသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံး ထံမှ သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမေရိကခရီးစဉ် မတိုင်မီ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်သို့ သွားရောက် တွေ့ဆုံခဲ့ပြီး ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် လက်ကျန်သက်တမ်း (သက်တမ်းတစ်ဝက် လပေါင်း ၃၀) တွင် လွှတ်တော်နာယကအဖြစ် တာဝန်ယူရမည်ဖြစ်ရာ ဇူလိုင်လ ၁ ရက် နေ့တွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ စတင်ကာ နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့