
လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအရ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေလည်း အခြားဘာသာတွေနည်းတူ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ် ရှိသင့်တယ်လို့ ယူဆတဲ့အတွက် သဘောထားထုတ်ပြန်ရတာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
"တခြားဘာသာ သာသနာတွေမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့အပိုင်းမှာ သူတို့ဘာသာဝင် အမျိုးသမီး၊ အမျိုးသားတစ်ယောက်ဟာ တခြားဘာသာနဲ့ ယူကြမယ်ဆိုရင် သူတို့ အစ္စလာမ်တရားရုံး၊ ခရစ်ယာန်ဓမ္မအဖွဲ့မှာပေါ့ဗျာ တင်ပြလျှောက်ထားရတယ်ဗျ၊ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အဲလိုမဟုတ်ဘူး၊ ယူမယ်ဆိုလို့ရှိရင် လူကြီးစုံရာရှေ့မှာ တောင်းရမ်းယူသွားပြီးတော့ အမျိုးသမီးများရဲ့ အကာအကွယ်မရှိဘူးဆိုတာ သွားတွေ့ရတယ်၊ ကျနော်တို့ ဒါကိုတော့ဖြင့် ပြန်စဉ်းစားဖို့သင့်ပြီ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ ခံစားရတဲ့ဒုက္ခတွေ၊ လစ်ဟာသွားမယ့် အခွင့်အရေးတွေ၊ ဥပဒေကြောင်းအရရရှိနိုင်တဲ့ အမွေဆက်ခံပိုင်ခွင့်တွေ ရသင့်ရအပ်တယ်ဆိုတာကို ကျနော်တို့ စဉ်းစားပြီးတော့ ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်ဖို့ စဉ်းစားတာဖြစ်ပါတယ်"
NDF ပါတီအနေနဲ့ ၁၉၅၄ လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြန်လည်သုံးသပ်လေ့လာပြီးနောက် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြင်ဆင်သင့်တဲ့အချက်တွေကို အခြားဘာသာ၊ သာသနာတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ထိပါးစေခြင်းမရှိဘဲ ထောက်ပြဝေဖန်သွားမယ်လို့လည်း ဆိုပါတယ်။
No comments:
Post a Comment