Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

ဂေါတမမြတ်စွာဘုရားအလောင်းတော် သောဘိတမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

ယခုကျွန်တော်ရေးသားသည့် ဂေါတမမြတ်စွာဘုရားအလောင်းတော် သောဘိတမြတ်စွာဘုရားရှင်
ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်းနှင့် တဆက်တည်းဖြစ်စေရန်အတွက် သောဘိတမြတ်စွာဘုရားရှင်၏
ဗုဒ္ဓဝင်အကျဉ်းကိုပါ တပေါင်းတည်း ထည့်သွင်းထားပြီး ယင်းဘလော့ဂ်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက
မင်းကွန်းဆရာတော်ကြီး ရေးသားသော မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်းမှ
ထုတ်နုတ်ထားခြင်းဖြစ်လေရာ ယခုထက် ပြည့်စုံစွာသိရှိလိုပါက ထို မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ
ဒုတိယပိုင်း၌ လေ့လာဖတ်ရှုနိုင်ပါသည် ဓမ္မမိတ်ဆွေများခင်ဗျာ။
ရေဝတမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် အသက်ခြောက်သောင်းတမ်းမှ
ဆုတ်ယုတ်လာလျက် ၁၀ နှစ်တမ်းသို့ရောက်ပြီး၊ ထို ၁၀ နှစ်တန်းမှ အသင်္ချေတမ်းသို့တိုင်အောင် ပြန်တက်၊ ထို
အသင်္ချေတမ်းမှသည် အသက်ကိုးသောင်း (၉၀၀၀၀)
တမ်းသို့ ပြန်ဆုတ်လာသည်ရှိသော် သောဘိတမြတ်စွာဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီတော်တို့ကို ဖြည့်ပြီး၍ တုသိတာနတ်ပြည်မှစုတေကာ နောက်ဆုံးဘဝ
ဘုရားဖြစ်ရန်အတွက် သုဓမ္မမြို့၊ သုဓမ္မမင်းကြီး၏ မိဖုရားကြီးဖြစ်သော သုဓမ္မာဒေဝီထံတွင် ကိန်းဝတ်ကြည်ဖြူ
ပဋိသန္ဓေယူတော်မူလေသည်။
သောဘိတမင်းသား အရွယ်ရောက်လာသောအခါ ထီးနန်းစည်းစိမ်ကို မဏီလာဒေဝီမိဖုရားကြီးနှင့်အတူ အနှစ်
(၉၀၀၀) ကိုးထောင် ပတ်လုံး စံစားတော်မူပြီးနောက် မိဖုရားကြီးမှ သားတော် သီဟမင်းသားကို
ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးကို မြင်၍ ကြီးစွာသော ဓမ္မသံဝေဂဖြစ်သဖြင့် နန်းတော်၌ပင်လျှင်
ရဟန်းပြုပြီး အာနာပါန ဘာဝနာကို ပွားများတော်မူရာ စတုတ္ထဈာန်ထိ ရတော်မူလေသည်။
ထို ရွှေနန်းတော်၌ပင်လျှင် ဒုက္ကရစရိယာကို ၇ ရက်ကျင့်ပြီး ကဆုန်လပြည့်နေ့ နံနက်ခင်းအခါတွင်
မဏိလာဒေဝီမိဖုရားကြီးမှ နို့ဃနာကို ကပ်လှူဖြင့် ဘုန်းပေးပြီးသောအခါ “အခု ငါနေသော ပြသာဒ်သည်
ယခုပုံစံအတိုင်းပင်လျှင် မဟာဗောဓိပင်(ကံ့ကော်ပင်)သို့ ကောင်းကင်ခရီးဖြင့် သွားပြီး
ထို ဗောဓိပင်နားတွင် မြေသို့သက်ဆင်းလျက် ငါသည်လည်း ထို ဗောဓိပင်သို့ သွားရောက်သည်ရှိသော်
အတူတကွ လိုက်ပါလာကြသော မင်းမိန်းမ အမျိုးသမီး၊ အမျိုးသားအားလုံးတို့သည် အလိုလို အလိုက်သိလျက်
ထွက်သွားကြစေကုန်သတည်း” ဆိုပြီးတော့ အဓိဋ္ဌာန်တော်မူရာ ထိုအတိုင်းပင်
မဟာဗောဓိပင်သို့ ရောက်လေသည်။
ဘုရားဖြစ်ပြီးသောအခါ တရားဦးဟောရန်အတွက် ဆင်ခြင်သည်ရှိသော ကိုယ်တော်မြတ်နှင့်
မိကွဲဖတူညီတော်များဖြစ်ကြသော အသမမင်းသားနှင့် သုနေတ္တမင်းသားတို့ကိုမြင်တော်မူ၍ ၁၈
ယူဇနာဝေးကွာသော သုဓမ္မဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ကြွရောက်ပြီးသော်
တရားဦးဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူလေသည်။ သောဘိတမြတ်စွာဘုရားရှင်၏
လက်ယာရံအဂ္ဂသာဝကမှာ အသမမထေရ်၊ လက်ဝဲရံအဂ္ဂသာဝကမထေရ်မှာ သုနေတ္တမထေရ်ဖြစ်ပြီး
အလုပ်ကျွေးမှာ အနောမမထေရ်ဖြစ်လေသည်။
ဂေါတမမြတ်စွာဘုရားအလောင်းတော်သည်ကား ထိုအခါတွင် ရမ္မာဝတီမြို့၌
သုဇာတပုဏ္ဏားဖြစ်လျက် သောဘိတမြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာရပြီးသောအခါ
သဒ္ဓါကြည်လင်ခြင်း ပြင်းစွာဖြစ်သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအားလုံးကို တစ်ဝါတွင်းပတ်လုံး
အလှူကြီး ပေးလှူလေသောအခါ သောဘိတမြတ်စွာဘုရားရှင်က
အနာဂတ္တံသဥာဏ်တော်နှင့် မြင်တော်မူသည့်အတိုင်း အလောင်းတော် သုဇာတပုဏ္ဏားကို “သင်သည်
ဤကမ္ဘာမှ နောက်ထပ် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်သို့ ရောက်သောအခါ
ဘဒ္ဒကမ္ဘာတခုတွင် ဂေါတမဆိုတဲ့ ဘွဲ့အမည်နဲ့ ငါကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်” ဆိုပြီး
ဗျာဒိတ်ပေးတော်မူသောအခါ အလောင်းတော်သည် လွန်စွာ ဝမ်းမြောက်နှစ်သက်ခြင်း ဖြစ်သဖြင့်

ဘုရားအဖြစ်ကို ရရန်အတွက် ပါရမီတော်တို့ကို ဆင်ခြင်ပြီးသော် ဝီရိယကို ကောင်းစွာ ပြုတော်မူလေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့