Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 27 June 2013

အသိမ်းခံရသောမြေတွင် ပြန်ထွန်ယက်သည့် နောင်ချို တောင်သူအချို့ အဖမ်းခံရ

နောင်ချိုမြို့နယ်ထဲမှာ အသိမ်းခံ ထားရတဲ့ မြေပေါ် ပြန်လည် ထွန်ယက် နေပုံ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ အသိမ်းခံထားရတဲ့မြေပေါ် ပြန်လည်ထွန်ယက်စိုက်ပျိုးတဲ့အတွက်  တောင်သူ ၄ ဦး အဖမ်းခံခဲ့ရပါတယ်။
နောင်ချိုမြို့နယ် ကံ့ကော်ရွာက ဦးဖိုးချောနဲ့ ဦးညိုအေး၊ ငါးပင်ရွာသား ဦးထွန်းအောင်၊ ရေ၀င်ရွာက ဦးကျော်ညွန့်တို့ ၄ ဦးကို နောင်ချိုမြို့မရဲစခန်းက ဇွန် ၂၆ ရက်နေ့ မနက်ပိုင်းမှာ  ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

သူတို့ ၄ ဦးမှာ ဦးထွန်းအောင်ကို ယာခင်းထဲကနေ ခေါ်သွားတာဖြစ်ပြီး ကျန်တဲ့ ၃ ဦးကိုတော့ အစည်းအဝေးရှိတယ်လို့ပြောပြီး အိမ်မှာလာခေါ်သွားတယ်လို့ နောင်ချိုဒေသခံ စိုင်းလျံသာက ဒီဗွီဘီကို ပြောပါတယ်။

“၉၅-၉၆ ခုနှစ်ကတည်းက ကော်ဖီစီမံကိန်းဆိုပြီး သိမ်းသွားတဲ့လယ်တွေ၊ တောင်သူတွေက ကျန်တဲ့နေရာတွေ သူတို့ပြန်တောင်းတာမရတော့ အခုလက်ရှိ သူတို့လုပ်ကိုင်စားသောက်စရာမရှိလို့ လယ်ဝင်လုပ်တော့ ခြေချုပ်နှင့် ခံဝင်ဥပဒေ ပုဒ်မ ၅၁(စ)(ဆ)နဲ့ စွဲသွားတာ။”

သူတို့ကို ခေါ်သွားပြီးတဲ့နောက် ဆမ္မဆည်၊ ရေ၀င်၊ ကံ့ကော်၊ ငါးပင် နဲ့ အုမ္မတီး စတဲ့ရွာပေါင်း ၆ ရွာက လူ ၂၀၀ ကျော်ဟာ မနေ့မွန်းလွဲ ၂ နာရီကျော်မှာ နောင်ချိုရဲစခန်းကို ရောက်လာပြီး ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ညပိုင်းမှာ ရဲစခန်းက ဖမ်းထားသူတွေကို ဇွန် ၂၇ ရက်နေ့ မနက် ၉ နာရီမှာ ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တဲ့အတွက်  တောင်းဆိုနေသူတချို့ဟာ ည ၁၀ နာရီမှာ လူစုကွဲသွားပါတယ်။ အဖမ်းခံရသူတွေအားလုံး ဒီနေ့ မနက် ၉ နာရီမှာ အာမခံနဲ့ ပြန်လွတ်လာပြီး  ၁ လ ၂ ကြိမ် တရားရုံးမှာ  လာရောက်အစစ်ခံဖို့ ခံဝန်ချက် လက်မှတ်ထိုးခဲ့ရတယ်လို့ စိုင်းလျံသာက ပြောပါတယ်။

နောင်ချိုမြို့နယ် ကျေးရွာအုပ်စု ၆ ခုထဲက မြေဧကပေါင်း ၂ ထောင်ကျော်ဟာ လွန်ခဲ့တဲ့ ၁၉၉၅ နဲ့ ၁၉၉၆ ခုနှစ်ကတည်းက  အသိမ်းခံထားရတာဖြစ်ပြီး  မြေယာတွေပြန်ရဖို့ လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်၊  ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေဆီ တိုင်တန်းခဲ့ပေမယ့် ထူးခြားမှုမရှိဘဲ ၀မ်းရေးအတွက် ရွာသားတွေက ၀င်ရောက်လုပ်ကိုင်ရာမှာ ခုလို ဖမ်းဆီးအရေးယူခံရတာလို့ ဆိုပါတယ်။

သူတို့မြေတွေကို အထွေထွေအုပ်ချုပ်ရေးဌာန၊ စစ်တပ်နဲ့ ကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပြီး တချို့ကို သစ်ခွဲစက်ရုံ၊ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းနဲ့ ကြံစိုက်ပျိုးရေးလုပ်ကြောင်း၊ တချို့ကိုတော့ အကွက်ရိုက်ပြီး ပုဂ္ဂလိကကို  ပြန်ရောင်းခဲ့ကြောင်း၊ ဒါပေမယ့် ရွာသားတွေကတော့   လျော်ကြေး လုံးဝမရခဲ့ကြောင်း စိုင်းလျံသာက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ် တောင်သူလယ်သမားကွန်ရက်အဖွဲ့က ဦးကျော်ဆန်းကလည်း လယ်သမားတွေ ၀င်ရောက် လုပ်ကိုင်တာဟာ မနှစ်ကတည်းက ဖြစ်ပြီး  တချို့က အဖမ်းမခံရပေမယ့် ကုမ္ပဏီက တရားစွဲလို့ လောလောဆယ် အမှုရင်ဆိုင်နေရသူ ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

“နောင်ချိုမှာ လက်လှမ်းမီသိရသလောက်တော့ တရားရင်ဆိုင်နေရတာ ၃၀ ကျော်ရှိတယ်။ တချို့ဆို မြို့နယ်မှာ ၄၂၇၊ ၄၄၇ အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှုအရ စွဲခံရတယ်။ မြို့နယ်မှာ ဒဏ်ကြေးဆောင်ရတယ်။ မကျေနပ်လို့ ကိုယ့်မြေကိုယ်ပြန်ဝင်တာတောင် တရားစွဲခံရလို့ ခရိုင်အထိ တက်တော့ ခရိုင်မှာပြန်နိုင်တယ်။ လက်ရောက်ရလိုမှုနဲ့ ပြန်တင်ထားတဲ့ တောင်သူတွေလည်း အများကြီးပဲ။”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့