Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 12 June 2013

၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်



၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်ရန် ရွေးချယ် တင်သွင်း မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး The Voice သို့ ပြောကြားသည်။

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ၂၀၁၅ ရွေးကောက် ပွဲ၌ သမ္မတ တာဝန်ယူရန် ဆန္ဒရှိကြောင်း ပြောကြားခြင်းနှင့် ပတ်သက်၍ The Voice က ဆက်သွယ် မေးမြန်းရာ ကြံခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ပါတီ ဥက္ကဋ္ဌကြီးကို ၂၀၁၅မှာ သမ္မတအဖြစ် တင်မြှောက်ဖို့ သဘောတူပါတယ်။ မဲအများဆုံး ရရင် သမ္မတ ဖြစ်မှာပဲ” ဟု ဦးဌေးဦးက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ မဲအများဆုံး ရှိရန် ပြည်သူလူထု အပေါ်သာ မှုတည်ပြီး ၎င်းတို့ ပါတီကို ပြည်သူလူထုက မဲပေးမည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရမည် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတ ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်လိုကြောင်း၊ ယင်းသို့ ယှဉ်ပြိုင်နိုင်ရန် အခြေခံ ဥပဒေကို ဦးစွာ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် ပြောကြားထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးတည်း ဆောင်ရွက်နိုင်သည့်ကိစ္စ မဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ် အားလုံးအပြင် ပြည်သူတစ်ရပ်လုံးနှင့်လည်း သက်ဆိုင်ကြောင်း ပြင်သင့်
ပြင်ထိုက်သည်များကို ပြင်ဆင်မည် ဖြစ်သော်လည်း မလိုအပ်ပါက ပြင်ဆင်သွားမည် မဟုတ်ကြောင်း ဦးဌေးဦးက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းကို သမ္မတ တင်မြှောက်ရန် အဆို တင်သွင်းဆိုခြင်းနှင့် ပတ်သက်၍ NLD ပါတီ၏ သဘောထားမှာ ယခင် အတိုင်းသာ ဖြစ်ကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေးတွင် မျှမျှတတ ဆောင်ရွက်ပါက နှစ်ဘက်လုံး၌ အကျိုးရှိမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

“သူလည်းဖြစ်ချင်လို့ ပြောတာပေါ့။ ကျွန်မတို့ကတော့ အခြေခံ ဥပဒေပြင်မှ ဖြစ်နိုင်မယ်ဆိုတော့ ပြင်လို့ရအောင် ကြိုးစားမှာပါ” ဟု ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

ယင်းအတွက် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များ စတင် ရေးဆွဲနေပြီ ဖြစ်ပြီး မကြာမီ ထုတ်ပြန်နိုင်ရန် စီစဉ်နေကြောင်း ၎င်းကထုတ်ဖော်ပြော ကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို စတင် ကျင့်သုံးနိုင်ရန် ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

မေလ ၁ ရက်နေ့တွင် ပြုလုပ်သည့် ပါတီ လူငယ်ညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်း ပေးအပ်ကြောင်း အဆိုပါ ပါတီက ထုတ်ပြန် ကြေညာထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့