မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာန အနေနဲ့ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများမှာ ငါးမဖမ်းရ ကာလနဲ့ ဧရိယာကို ယခုနှစ်ရာသီအတွက် သတ်မှတ်
လိုက်ပြီ ဖြစ်တယ်လို့ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငါးလုပ်ငန်း အဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြည်တွင်းပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းအနေနဲ့ ငါးသယံဇာတများ အလွယ်တကူ မပျက်စီးစေဖို့နဲ့ ရေရှည်စားသုံးနိုင်ဖို့အတွက် နိုင်ငံတကာကျင့်ထုံး ဥပဒေများနဲ့အညီ ငါးမဖမ်းရ ရာသီကို သတ်မှတ်ပြီး နှစ်စဉ်ဆောင်ရွက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ပင်လယ်ပြင် ငါးဖမ်းဆီးရေးမှာ ငါးမဖမ်းရကာလကို ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ အချိန် ၁လခွဲ သတ်မှတ်ပြီး တစ်နိုင်ငံလုံးရဲ့ဖမ်းဆီးရေး လုပ်ငန်းများကို ခေတ္တရပ်နားထားရမှာ ဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်ချက်များ သတ်မှတ်လိုက်ပေမယ့်လည်း ပြည်တွင်းလုပ်ငန်း ကုမ္ပဏီများ၊ ငါးတင် ငါးချ ဆိပ်ကမ်း လုပ်သားများ၊ ရောင်းသူများနဲ့ စားသုံးသူများအတွက် အလုပ်အကိုင်နဲ့ စားနပ်ရိက္ခာ ပြည့်ဝမှုရှိစေဖို့ အတွက် အခက်အခဲများ ရှိနေတာ ဖြစ်တာကြောင့် တားမြစ်ကာလကို ဖြေလျှော့ပေးနိုင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အခုလို တောင်းဆိုမှုများကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန အနေနဲ့ တားမြစ်ကာလ အတွင်းမှာ ငါးဖမ်းစက်လှေများကို ရာနှုန်းပြည့် မဖမ်းစေဘဲ ၇၅ ရာခိုင်နှုန်းထက် မပိုတဲ့ ငါးဖမ်း စက်လှေများသာ ဖမ်းဆီးစေဖို့ ခွင့်ပြုချက် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့တာကြောင့် လုပ်ငန်းရှင်နဲ့ လုပ်သားများ၊ ရောင်းချသူနဲ့ စားသုံးသူများအတွက် စီးပွားရေးနဲ့ စားနပ်ရိက္ခာ ပြည့်ဝစေဖို့အတွက် အထောက်အကူ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း အနေနဲ့ ယခုနှစ်ရာသီမှာ ၇၅ ရာခိုင်နှုန်းထက် မကျော်တဲ့ ဖမ်းဆီးမှုများသာ ရှိစေဖို့ သက်ဆိုင်ရာ ငါးဖမ်းစက်လှေများ ဆိုက်ကပ်တဲ့ ငါးတင် ငါးချ ဆိပ်ကမ်းများမှ အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment