Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရန် သမ္မတ ဦးသိန်းစိန် ပြော


အစိုးရအဖွဲ့ဝင်များသို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – သမ္မတရုံး)
အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်း စီမံခန့်ခွဲမှုကျဆင်းနေပြီး အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေခြင်းသည် ပြည်သူများအတွက် အခက်အခဲဖြစ်စေသည်ဟု သမ္မတ ဦးသိန်းစိန်က ယနေ့နံနက် တိုင်းပြည်သို့ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။
သက်တမ်း ၂ နှစ်နီးပါးရှိ အစိုးရအတွင်း ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဌာနဆိုင်ရာများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ဒေသအာဏာပိုင်များ၏ လုပ်ဆောင်မှုများမှာ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ပြည်သူ့သဘောထားကို လျစ်လျူရှုပြီး မိမိဆန္ဒအတိုင်း ဆောင်ရွက်ကာ တာဝန်ယူဖြေရှင်းမှု၊ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှု မရှိခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ထို့အတွက် နောက်ဆက်တွဲ အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေကာ အုပ်ချုပ်ရေးယန္တရား၌ နှောင့်နှေးကြန့်ကြာမှု အခက်အခဲများ ရှိလာကြောင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု ၀န်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့အတွက် အောက်ခြေ ရပ်/ကျေးအဆင့်မှ အထက် ပြည်ထောင်စု အဆင့်အထိ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရမည်ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
လာဘ်ပေးလာဘ်ယူမှုများကိုလည်း အမျိုးသားအကျင့်စာရိတ္တ မထိခိုက်စေရန် ထိန်းသိမ်းရမည်ဖြစ်ပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ရန်လိုကြောင်း ထည့်သွင်းပြောဆိုသွားသည်။
ဤမိန့်ခွန်းသည် အစိုးရ၀န်ထမ်းများနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြောဆိုခြင်းဖြစ်ပြီး၊ ၀န်ထမ်းများ အဂတိလိုက်စားမှုနှင့် လူထုဆက်ဆံရေး ချောမွေမှု မရှိခြင်းများကို မကြာခဏ ထည့်သွင်းပြောဆိုသော်လည်း သိသာသော ပြောင်းလဲမှုများ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိသည်။
မန္တလေးတက္ကသိုလ် ဆရာများသမဂ္ဂမှ အတွင်းရေးမှူး ဆရာ ဦးသုတက “သမ္မတ မိန့်ခွန်းက လက်ခံတယ် ကြိုဆိုတယ်၊ ဒါပေမယ့် အောက်ခြေ၀န်ထမ်း ပြောင်းလဲဖို့က လွယ်ပါတယ်၊ ထိပ်ပိုင်းပြောင်းဖို့သာ ခက်တာလို့ ထင်တယ်” ဟု ဆိုသည်။
အစိုးရသက်တမ်း ၂ နှစ်နီးပါး ရှိပြီဖြစ်သော်လည်း မိမိတို့ မိခင်ဌာနဖြစ်သည့် ပညာရေးဝန်ကြီးဌာနတွင်ပင်လျှင် ၀န်ကြီးကိုယ်တိုင် ၀န်ထမ်းအပြောင်းအရွေ့၌ ဘက်လိုက်မှုများ၊ ၀င်ရောက်စွက်ဖက်မှုများ ပြုလုပ်နေပြီး ပွင့်လင်းမြင်သာမှုများကို မတွေ့ရှိရကြောင်း  ဆရာ ဦးသုတက ဥပမာပေးသည်။
သမ္မတ၏ မိန့်ခွန်းတွင် ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ ခန့်ထားရာတွင် ရပ်/ကျေး ကော်မတီများ ဖွဲ့စည်းပြီး တိုင်ပင်ဆုံးဖြတ်သင့်ကြောင်း၊ သို့မှသာ ပြည်သူများ မလိုလားသည့် ပြဿနာများ လျော့နည်းမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။
မကြာသေးမီက ရပ်ကွက်ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အဂတိလိုက်စားသည့် ပြဿနာများစွာ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံဖွံဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များကို သာမန်စီမံရုံဖြင့် မဖြစ်ထွန်းနိုင်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်မှု အောင်မြင်အောင် အုပ်ချုပ်မှု ယန္တရား စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ရန်လိုကြောင်း၊ ယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်၍ မရတော့ဘဲ ဒီမိုကရေစီ ကျင့်စဉ်နှင့် လိုက်လျောညီထွေရှိမြင့် အမြင်များ ရှိရန်လိုကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအချင်းချင်း ပူပေါင်းဆောင်ရွက်မှု အားနည်းကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားသွားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့