Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယံ ၅၀၀ ကျော်တောင်း



ပြည်ထောင်စု လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံနှစ်ရုံကို စက်မှုဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ကျပ်ဘီလီယံ ၅၀၀ ကျော်ကို အသုံးစရိတ်အဖြစ် တောင်းခံလိုက်ကြောင်း သိရှိရသည်။
စစ်တပ်က တိုက်ရိုက်အုပ်ချုပ်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက လုပ်ကိုင်လျက်ရှိသည့် မြင်းခြံသံမဏိစက်ရုံ၊ တောင်ကြီး သံမဏိစက်ရုံ နှစ်ရုံကို စက်မှုဝန်ကြီးဌာနသို့ မကြာမီလပိုင်းများအတွင်းက လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းသို့လွှဲပြောင်းပြီးနောက် များမကြာမီ ပြည်ထောင်စုလွှတ်တော်တွင် ယင်းစက်ရုံများအတွက် အသုံးစရိတ်များ တောင်းခံလာခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း တရားဝင် အတည်ပြုပေးလိုက်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များထံမှ သိရှိရသည်။
“MEC လက်အောက်က သံမဏိစက်ရုံနှစ်ရုံကို စက်မှုဝန်ကြီးဌာဆီကို လွှဲပြောင်းတုန်းကလည်း လွှတ်တော်ကို တရားဝင်တင်ပြတယ်။ ဒါပေမယ့် လွှတ်တော်အမတ်တွေကလည်း လက်ခံအတည်ပြုပေးလိုက်တယ်။ အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွင့်ပြုသုံးငွေတွေ လွှတ်တော်တင်ပြလာတော့ အဲဒီသံမဏိ စက်ရုံနှစ်ခုအတွက် ဘီလီယံ ၅၀၀ ကျော် တောင်းတယ်။ လွှတ်တော်ဘက်ကလည်း ဒါကိုခွင့်ပြုပါတယ်” ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဧရာဝတီသို့ ပြောသည်။
၂၀၁၂- ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နောက်တိုးခွင့်ပြုငွေတောင်းခံရာတွင် စက်မှုဝန်ကြီးဌာနက သာမန်သုံးငွေအဖြစ် ကျပ်သန်းပေါင်း ၁၈၆၈၄ ဒသမ ၂၁၇ နှင့် ငွေလုံးငွေရင်းသုံးငွေ ၅၀၆၁၀၆ ဒသမ ၅၆၇ တောင်းခံခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနက အများဆုံး ငွေတောင်းခံခြင်းဖြစ်သည်ဟု သိရှိရသည်။
သံမဏိစက်ရုံများအတွက် တောင်းခံသည့်အသုံးစရိတ်သည် အကြွေးများ ပြန်လည်ပေးဆပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံပြုလုပ်ရန်ဖြစ်သည်ဟု သိရှိရသည်။
“သံမဏိစက်ရုံနှစ်ခုအတွက် တောင်းတဲ့ ဘီလီယံ ၅၀၀ ကျော်ထဲမှာ သံမဏိကုန်ကြမ်းဖိုး အကြွေးပေးဖို့တွေလည်း ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အသုံးစရိတ် ထပ်မံတောင်းခံသော ၀န်ကြီးဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနက သာမန်သုံးငွေ ကျပ်သန်းပေါင်း ၃၉၅၉၀၈ ဒသမ ၁၂၃၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း ၁၇၁၅ ဒသမ ၃၆၆၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက သာမန်သုံးငွေ ကျပ်သန်းပေါင်း ၅၀၆ ဒသမ ၈၈၂၊ ငွေလုံးငွေရင်းသုံးငွေ ၁၈၂၉၃၁ ဒသမ ၅၃၈၊ ကာကွယ်ရေးဝန်ကြီးဌာနက သာမန်သုံးငွေ ကျပ်သန်းပေါင်း ၆၆၉၇၃ ဒသမ ၅၃၁၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း ၅၉၆၇၉ဒသမ ၉၇၈ဖြင့် အသုံးစရိတ်အများဆုံးသော တောင်းခံသော ဌာနများအဖြစ် ရပ်တည်နေကြသည်။
အစိုးရက မူလအသုံးစရိတ်အရ ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ထပ်မံ တင်ပြလာသော အသုံးစရိတ်သစ်ကြောင့် ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည်   ၄ ဒသမ ၀၇ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့