ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအားလုံးသည် တာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ၎င်းတို့၏ပိုင်ဆိုင်မှုစာရင်းအား နိုင်ငံတော်သမ္မတထံသို့ စာအိတ်ပိတ်၍ ပေးထားရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောကြားသည်။နိုင်ငံတော်သမ္မတက တင်ပြခိုင်းသဖြင့် တင်ပြထားရခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက ဆိုသည်။
““အိမ်ပိုင်မှု၊ မြေပိုင်မှု၊ မော်တော်ကားပိုင်မှု၊ ကျောက်သံပတ္တမြားပိုင်မှု၊ ဘဏ်မှာရှိတဲ့အကောင့် ငွေ၊ စီးပွားရေးစာရင်း အားလုံး စာပိတ်ပြီးပေးရတယ်””ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးများ၏ ပိုင်ဆိုင်မှုများ ကြေညာပေးရန် အဆိုတင်သွင်းပြီးနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အကြီးအကဲများနှင့် ၀န်ကြီးဌာနမှ ဌာနအကြီးအကဲ၏ ပိုင်ဆိုင်မှုများအား တင်ပြရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
““နိုင်ငံတော်သမ္မတကို ပေးရုံနဲ့ မလုံလောက်ဘူး။ မီဒီယာကိုပါ ချပြရမှာ။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတောင် အစိုးရအဖွဲ့နဲ့ လွှတ်တော်အမတ်တွေရဲ့ ပိုင်ဆိုင်မှုကို မီဒီယာကိုချပြတယ်””ဟု နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ပြောသည်။
သို့သော် ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော မစ္စတာသက်ဆင်မှာ ၎င်း၏ပိုင်ဆိုင်မှုများထဲမှ အချို့ကို ၎င်း၏ ယာဉ်မောင်းနာမည်ဖြင့် လွှဲပြောင်းထားသဖြင့် အဆိုပါယာဉ်မောင်းသည် ကမ္ဘာ့အချမ်းသာဆုံးယာဉ်မောင်းဖြစ်ခဲ့သည်။
ထိုကဲ့သို့ အစိုးရအဖွဲ့အကြီးအကဲများ၏ ပိုင်ဆိုင်မှုများအား မီဒီယာသို့ ချပြခြင်းသည် အဂတိလိုက်စားမှု ပပျောက်ရန်အတွက် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အစိုးရအဖွဲ့ အကြီးအကဲများ၏ ပိုင်ဆိုင်မှုကို ကြေညာရန် အဆိုတင်သွင်းခဲ့သော်လည်း ထိုအဆိုမှာ ရှုံးနိမ့်ခဲ့သည်။
No comments:
Post a Comment