Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

မိတ္ထီလာ ပဋိပက္ခ ပြီးဆုံးသည်မှာ ခြောက်လပြည့်သော်လည်း ဒုက္ခသည် လေးထောင်ကျော် အိမ်ပြန်ရေး ခက်ခဲနေဆဲဟုဆို



မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခြောက်လ ပြည့်ပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်း ငါးခုရှိ ဒုက္ခသည် ၄,၀၀၀ ကျော်အတွက် မြေနေရာ ပြန်လည် ရရှိရေးနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေး ကိစ္စများမှာ တိကျသည့်အဖြေ ထွက်ပေါ်ခြင်းမရှိဘဲ ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒုက္ခသည်များက တညီတညွှတ်တည်း ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ထိ မိတ္ထီလာ ပဋိပက္ခဒုက္ခသည် ကယ်ဆယ်ရေးစခန်း ငါးခုတွင် နေထိုင်နေသူ ၄၁၅၆ ဦး ကျန်ရှိပြီး ၎င်းတို့ နေရပ်ပြန်ရမည့် ရက်ကို တိကျစွာ မသိရသေးကြောင်း၊ ယင်းသို့ ကယ်ဆယ်ရေး စခန်းများ၌ အချိန်မည်မျှထိ နေရဦးမည်ကို တိကျစွာ မသိရ၍ ဒုက္ခသည် များ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်လာကြောင်း ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များက ပြောကြားသည်။

လက်ရှိ အစ္စလာမ် ဘာသာဝင်များ၏ ကယ်ဆယ်ရေးစခန်း သုံးခုဖြစ်သော မိတ္ထီလာခရိုင် အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၆၉ စု၊ လူဦးရေ ၈၉၅ ဦး၊ ဗဟို ပို့ဆောင် ဆက်သွယ်ရေးကျောင်းတွင် အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၄၆ ဦးနှင့် ရေအရင်းအမြစ် ဦးစီးဌာနရှိ ကယ်ဆယ်ရေးစခန်းတွင် ၁၈၅ စု၊ လူဦးရေ ၈၆၈ ဦး ရှိပြီး ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း နှစ်ခုဖြစ်သော သာသနရက္ခိတ (အင်းကုန်း) ကျောင်းတွင် အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၁၉၁ ဦး နေထိုင်လျက် ရှိကြောင်း အဆိုပါ ကယ်ဆယ်ရေး စခန်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“အိမ်ထောင်သည်တွေနဲ့ လူလွတ်တွေ တစ်နေရာတည်းမှာ တွဲနေရတယ်။ နေရာက ကျဉ်းလို့ ပြွတ်သိပ်နေရတယ်။ ညအိပ်ချိန်မှာ လိုက်ကာတစ်ခုသာ ခြားတယ်။ လူမှုရေး ပြဿနာတွေ ပေါ်လာနိုင်တယ်။ အိမ်သာတွေလည်း မိုးရွာတော့ ရေလျှံပြီး ညစ်ပတ်နေတယ်။ အိမ်သာ အရေအတွက်ကလည်း နည်းတယ်။ လူတွေက အကျဉ်းကျနေသလို ခံစားရတယ်” ဟု မိတ္ထီလာမြို့ ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ ဦးယာကွတ်က ဆိုသည်။

မိတ္ထီလာ ပဋိပက္ခတွင် အများဆုံး မီးသင့်ခံခဲ့ရသည့် ရပ်ကွက်ကြီး နှစ်ခုဖြစ်သော သီရိမင်္ဂလာနှင့် ချမ်းအေးသာ ရပ်ကွက် အပါအဝင် မီးလောင်အိမ်များ၏ မြေယာ ပိုင်ဆိုင်မှုကို စိစစ်ပြီး ဖြစ်ကြောင်း၊ ယင်းသို့ မြေယာ ပိုင်ဆိုင်မှုများကို စစ်ဆေးရာ၌ မူလပိုင်ရှင် မရှိတော့ခြင်း၊ အရပ်ကတိဖြင့် ရောင်းဝယ်မှုများနှင့် မြေကို ခွဲခြမ်းစိတ်ဖြာ၍ ၈x၂၀ ပေ ၊ ၄x၃၂ ပေ မြေကွက်များအထိ ခွဲခြမ်းစိတ်ဖြာ၍ အမွေခွဲ၊ ရောင်းချထားမှုများကို တွေ့ရကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice ကို ပြောကြားသည်။

ယင်းသို့ မြေကွက်များ အပိုင်းပိုင်း ဖြစ်၍ အိမ်ထောင်စုဦးရေနှင့် မြေကွက် မမျှမတ ဖြစ်နေခြင်းများကြောင့် မြို့ပြဆိုင်ရာ စီမံကိန်းနှင့်အညီ ပြန်လည် နေရာချထားရေး ဆောင်ရွက်ရာ၌ အခက်အခဲများ ရှိကြောင်း၊သို့ရာတွင် ကယ်ဆယ်ရေးစခန်းရောက် ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်၍ မကြာမီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၁၉၉၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က မိတ္ထီလာမြို့လုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က ရပ်ကွက်သစ်များ ဖော်ထုတ်၍ မီးဘေးဒုက္ခသည်များကို တစ်လအတွင်း ပြန်လည် နေရာ ချထား ပေးနိုင်ခဲ့ကြောင်း၊ ယင်းမီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေပေါင်းသည် ပဋိပက္ခ ဖြစ်စဉ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေထက် အဆမတန် များခဲ့သော်လည်း အချိန်တစ်လအတွင်း ပြန်လည် နေရာ ချထားပေး နိုင်ခဲ့ကြောင်း မီးဘေးနှင့် ပဋိပက္ခဘေး နှစ်မျိုးလုံး တွေ့ကြုံ ခဲ့သည့် မိတ္ထီလာဒေသခံ တစ်ဦးက ဆိုသည်။
“ဒုက္ခသည်တွေကို ဘယ်တော့ နေရာပြန်ပေးမယ်၊ ဘယ်လို ပြန်လုပ်ပေးမယ်ဆိုတာ တိကျတဲ့ အဖြေမျိုး မသိရသေးပါဘူး။ အစီအစဉ်တွေကတော့ တစ်မျိုးပြီးတစ်မျိုး ကြားနေရတယ်။ အကောင် အထည်တော့ ပေါ်မလာဘူး။ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စပါ။ မိတ္ထီလာ ပဋိပက္ခမှာ ပျက်စီးခဲ့တဲ့ အိမ်ခြေထက် ၁၉၉၁ ခုနှစ်က မြို့လုံးကျွတ် လောင်တဲ့မီးက အဆမတန် များခဲ့တယ်။ မြို့တစ်လုံး ကုန်သွားခဲ့တယ်။ အဲဒါတောင် အချိန်မီ နေရာပြန်ပေးနိုင်ခဲ့တယ်၊ အခု စခန်းထဲမှာနေရတာ အဆင်မပြေတာ များနေတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရာသီဥတုအရ နေ့ခင်းပူ၍ ညပိုင်း မိုးရွာသဖြင့် ဒုက္ခသည်များ နေထိုင်ရသည့် ယာယီတဲတန်းများသည် အမိုးအကာမကောင်း ဟင်းလင်းပြင်တဲများ ဖြစ်သောကြောင့် ရာသီဥတုဒဏ် ခံရသည့်အတွက် သက်ကြီးရွယ်အိုနှင့် ကလေးများမှာ ကျန်းမာရေး ပြဿနာများ ရှိလာကြောင်း၊ ယင်းအပြင် ခြင်ပေါက်ပွားများ၍ အစားအသောက် ထောက်ပံ့မှု အပိုင်းတွင်လည်း လိုအပ်ချက်များ ရှိလာသည်ဟု သာသနရက္ခိတ (အင်းကုန်း) ကျောင်းရှိ ဒေါ်ဝေချိုက ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့