Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 September 2013

ပြည်တွင်းရွှေဈေး ဆက်တိုက်တက်ပြီးနောက် တစ်ကျပ်သား ကျပ်တစ်သောင်းနီးပါး ပြန်ကျ

 အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်တို့က ဆီးရီးယားကို စစ်ရေးအရ အရေးယူရန် စောင့်ကြည့်နေပြီး အမေရိကန် ပြည်ထောင်စုကလည်း ကွန်ဂရက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဆိုခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ကျဆင်းသွားခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းနီးပါး ပြန်ကျသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက ပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁,၄၁၆ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၂၉,၂၀၀ ကျပ် ရှိနေရာမှ စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၉၆ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၁၉,၅၀၀ ကျပ်အထိ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြု၍ အရပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း သေချာလုနီးပါး သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များက ဆီးရီးယားကို စစ်ရေးအရ အကန့်အသတ်ဖြင့် အရေးယူမည်ဟု လေသံပစ်လိုက်ချိန်မှစ၍ ကမ္ဘာ့ရွှေဈေး တစ်ဟုန်ထိုး တက်သွားသည့်အတွက် ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၃၀,၀၀၀ အထိ မြင့်တက်သွားပြီး ယခုအခါ ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းသွားပြီး စစ်ရေးအရ အရေးမယူဖြစ်ပါက ရွှေဈေးဆက်လက် ကျဆင်းနိုင်ကြောင်း တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် အမျိုးသားက သုံးသပ်ပြောဆိုသည်။

“စစ်ပေါ်မူတည်လို့ မှန်းရခက်တယ်။ ပြန်ပြီးလည်း ကျနိုင်သလို ပြန်ပြီးလည်း ဈေးတက်နိုင်တယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်ပြည်ထောင်စု ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက် အရေးယူရေးကိစ္စတွင် ဗြိတိန်နိုင်ငံ ပါဝင်တော့မည် မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်ပြီးနောက် ရေနံစိမ်းဈေးနှင့် ကမ္ဘာ့ရွှေဈေးတို့ ပြန်လည် ကျဆင်းသွားကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့