မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စီမံချက်တွင် ကမ္ဘာ့ဘဏ်မှ ပညာရေး ကျွမ်းကျင်ပညာရှင်များ ပါဝင်အကြံပြု ထားသောကြောင့် ယင်းပညာရှင်များ၏ ထောက်ခံချက်နှင့် ကမ္ဘာ့ဘဏ်၏ သုတေသန တွေ့ရှိချက်များပေါ် မူတည်ကာ ချေးငွေများကို နှစ်ကြိမ်ခွဲ၍ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ယင်းသို့ ချေးငွေပေးရာတွင် မည်သည့်စီမံချက် အမျိုးအစားအတွက် မည်မျှပေးမည် ဆိုသည်နှင့် မည်သည့်အချိန်တွင် စတင်ပေးမည် ဆိုသည်ကို ဆောင်ရွက်မည့် စီမံချက်နှင့် ပတ်သက်၍ သုတေသန ပြုလုပ်ဆဲ ဖြစ်သောကြောင့် အတိအကျ မပြောနိုင်သေးကြောင်း၊ သုတေသန ပြုလုပ်မှု များသည် ခြောက်လမှတစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း အထက်ပါ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
“အခုက ကမ္ဘာ့ဘဏ်နဲ့ စီမံကိန်းရေး ဆွဲနေတဲ့ အဆင့်ဆိုတော့ ဘာမှပြောလို့ မဖြစ်သေးဘူး။ နှစ်ဖက်စလုံး ဆွေးနွေးတဲ့ အဆင့်ပဲ ရှိသေးတယ်” ဟု ချေးငွေ စတင်ပေးမည့် အချိန်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက The Voice သို့ ပြောဆိုသည်။
မြန်မာ့ပညာရေး သုတေသန အစီအစဉ်ကို ကမ္ဘာ့ဘဏ်မှ သုတေသနပညာရှင် Mr. James A.Steven က ဦးဆောင်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ဘဏ်က ပါဝင် ဆောင်ရွက်နေသည့် စီမံကိန်းကြီး သုံးခုတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာ့ ပညာရေးအတွက် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သွားရန် စီစဉ်ထားသည်။
ယင်းအပြင် ပညာရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွက် ရရှိထားကြောင်း၊ ယင်းချေးငွေများကို ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျား ဒေသ များမှ ကျောင်းများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြီးခဲ့သည့် လအတွင်း ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
No comments:
Post a Comment