Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 September 2013

တရုတ်အနှိပ်ခန်းသို့ သွားလုပ်ရန် စည်းရုံးသူများကိုဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ဂေါင်ဒေသ အနှိပ်ခန်းသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အမျိုးသမီးငယ်များကို စည်းရုံး၍ ခေါ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါရပ်ကွက်၌ ကြယ်ဂေါင်တွင် အလုပ်လုပ်ကိုင်ရန် လာရောက် စည်းရုံးနေကြောင်း သတင်းရရှိ၍ ဒေါ်စန္ဒာ (ခ) မငယ်လေးနှင့် ဒေါ်ဇင်မျိုးခိုင်တို့ ငှားရမ်းသုံးစွဲနေသော ဗင်ခဲရောင်ယာဉ်မောင်း ထွက်လာသဖြင့် ရပ်တန့်စစ်ဆေးရာ အလုပ်သွားလုပ်ရန် စည်းရုံးခြင်းခံရသော မအေးမာဝင်း (၁၉) နှစ်ကို တွေ့ရှိရသဖြင့် အုပ်ချုပ်ရေးမှူးရုံးထံသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့နှစ်ဦးသည် တရုတ်နိုင်ငံ ကြယ်ဂေါင် (၅) လမ်းတွင် ‘ထူးကဲ’ ကာရာအိုကေနှင့် အနှိပ်ခန်း၌ လုပ်ကိုင်ခြင်းဖြစ်ပြီး အဆိုပါ အနှိပ်ခန်းအတွက် မန္တလေးမြို့တော်ရှိ အမျိုးသမီးများကို လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း၊ တရုတ်အမျိုးသားများက နှစ်သက် လျှင် လက်ထပ်ပေးမည်ဖြစ်ကာ ငွေအမြောက်အမြား ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ သို့လည်း ပြန်လာနိုင်မည် ဖြစ်ကြောင်းနှင့် အနည်းဆုံး ခြောက်လ ခန့်နေရမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံး ခေါ်ဆောင်ခြင်း ဖြစ်သည်ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံနေသူ အဆိုပါ ဒေါ်စန္ဒာ (ခ) မငယ်လေး (ထူးကဲကာရာအိုကေပိုင်ရှင်) နှင့် ဒေါ်ဇင်မျိုးခိုင် (ကြယ်ဂေါင် (၅) လမ်း အနှိပ်ခန်းတွင်နေသူ အလုပ်သမား) တို့ကို ပြည်ကြီးတံခွန် မြို့မရဲစခန်းက ငွေကြေး အကျိုးအမြတ်အတွက် ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အခြားသူကို ခေါ်ဆောင်သဖြင့် (ပ) ၄၄၇/၂၀၁၃ လူကုန်ကူးမှု တားဆီးရေး ပုဒ်မ၂၄/၃၂အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် တလူးရွှေမော် ရှိ ‘အိပ်မက်ချစ်သူ အနှိပ်ခန်း’ တွင် ရောင်းစားခံရရာမှ ပြန်လည် လွတ်မြောက်လာသော ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ဆေးရိုးတန်းလမ်းတွင် နေထိုင်သူ မကေသီ (ခ) ကေသီမြင့်အောင် (၁၈) နှစ်ကို ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သို့ မန္တလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့က လွှဲအပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
၂၀၁၂ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၁၁၈ ဦးတို့ကို ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံဒေသများသို့ ရောက်ရှိမှုကို ဆန်းစစ်ကြည့်ရာ ဟဲနန်ပြည်နယ်တွင် ၆၂ ဦး အများဆုံး ရောက်ရှိခဲ့ပြီး အန်းဟွေးပြည်နယ်တွင် ၁၀ ဦး၊ ယူနန် ပြည်နယ်တွင် ကိုးဦး၊ ကျန်းစုပြည်နယ်တွင် ခုနစ်ဦး၊ ဟူနန်ပြည်နယ်တွင် ခြောက်ဦး၊ ဖုကျန့်ပြည်နယ်တွင် ခြောက်ဦး၊ ရှန်ဟိုင်းပြည်နယ်တွင် ငါးဦး၊ ဟူဘဲပြည်နယ်တွင် သုံးဦး၊ ရှန်ဇီးပြည်နယ်တွင် သုံးဦး၊ ကျင်းထုံပြည်နယ်တွင် နှစ်ဦး၊ ဘေဂျင်းပြည်နယ်တွင် နှစ်ဦး၊ ကျန်းဇီး၊ စီချွမ်း၊ မွန်ဂိုလီးယား ပြည်နယ်တို့တွင် တစ်ဦးစီ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်း မေလ ၇ ရက်နေ့ စစ်တမ်းအရ ဟဲနန်တွင် ခုနစ်ဦး၊ စီချွမ်းတွင် ငါးဦး၊ အန်ဟွေးတွင် ငါးဦး၊ ရှန်တုန်းတွင်သုံးဦး၊ ယူနန်၊ ဟူဘဲ၊ ဖူကျင့်၊ အန်ဟွေးတွင်တစ်ဦးစီ ရောက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းလူကုန်ကူးမှု မှတ်တမ်းများအရ သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့