လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 22 September 2013

ပင်လယ်ပြင်မှာ ရေတပ်နဲ့ ထိုင်းငါးခိုးလှေ တိုက်ပွဲဖြစ်ပွား

 မြန်မာ့ ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော  ယိုးဒယား ငါးခိုးဝါးလတ်လှေ တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး)ကွပ်ကဲမှုအောက်ရှိ
စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၂၆) မှ ၂၁.၉.၂၀၁၃ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော  ယိုးဒယား ငါးခိုးဝါးလတ်လှေ တစ်စီး ကို ဖမ်းဆီးမိခဲ့ ကြောင်း သိရပါတယ်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံး ထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက်မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် ယိုးဒယားငါးခိုးဝါးလတ်လှေမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကာ နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက်အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ယိုးဒယား ငါးခိုးဝါးလတ်လှေ ပေါ်မှ ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် ၈ တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည်စုစုပေါင်း (၂၂၀)တောင့်တို့အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ကမ်းနီး ငါးဖမ်းစက်လှေများအသင်းမှ တိုက်ပွဲဖြစ်ပွားချိန်တွင် မျက်မြင် မြင်တွေ့သူ တစ်ဦးပြောကြားချက်မှာ ” ယိုးဒယားတွေ မြန်မာရေထဲကို အခုလို ငါးဝင်ခိုးဖမ်းနေတာ ခဏခဏပဲ၊ တော်တော်ဆိုးတယ်။ ပြီးတော့ ဒီကောင်တွေသုံးတဲ့ပိုက်က မြန်မာမှာတောင် မရှိဘူး၊ မြန်မာ့ငါးဦးစီးကလည်း ဖမ်းခွင့်မပြုထားတဲ့ တရွက်ဆွဲပိုက်စိပ်တွေလေ၊ အဲဒီ့ပိုက်နဲ့ဆွဲမှတော့ ငါးသားငယ်တင်မက ရေအောက်ကြမ်းပြင်က ခရုခွံ၊ ကမာခွံပါ အကုန်ပါတယ်။ ဘယ်မှာလာပြီး ငါးမျိုးသန်တော့မလဲ။ သူတို့ ယိုးဒယားလှေတွေကို ကျွန်တော်တို့ တွေက ကြောက်ရတယ်ဗျ။ တခါတလေ ရေစီးကြောင်းစုန်ပြီး အဲဒီ့ ယိုးဒယားလက်ကူးတွေနား ရောက်သွားရင် သေနတ်တွေနဲ့ လှမ်းပစ်တယ်။ မပုတေးနားက ကော်တောင်ရွာနားက ပိုက်ကြီးလှေသမားတစ်ယောက်ဆို ပုခုံးပိတ်မှန်တယ်။ ပေါင်းမိုးတွေလည်း ပျက်စီးကုန်တယ်။ တော်သေးတာပေါ့ မသေလို့ကံကောင်း။ ကြောက်ဖို့ကောင်းတယ်ဗျ။ ရက်လည်းရက်စက်တယ်၊ မိုက်လည်း မိုက်ရိုင်းတယ်။ ကျွန်တော်တို့ ချထားတဲ့ ငါးဖမ်းပိုက်ငယ်လေးတွေကိုတောင် တခါတလေကျရင် ဖြတ်ကြိတ်သွားတာတောင် မပြောရဲဘူး။ သေနတ်နဲ့ပစ်ရင် သေမှာလေ” ဟုပြောပြပါသည်။

ယိုးဒယားငါးခိုးဝါးလတ်လှေများသည် ယခုအချိန်တွင် မြန်မာရေပိုင်နက်အတွင်းသို့ ရဲတင်းစွာကျူးကျော်ဝင်ရောက်ပြီး မြန်မာရေလုပ်သားများ၊ တံငါသည် ဆင်းရဲသား ပြည်သူများ၏ အသက်ကိုပါ ရန်ရှာလာသည့်အခြေအနေသို့ရောက်ရှိနေပါသည်။ ယခုလို ရာသီဥတုဆိုးရွားချိန်အား အခွင့်ကောင်းယူကာ ညပိုင်းတွင်သာမက မနက်ပိုင်းတို့တွင်ပါ ပေါ်ပေါ်ထင်ထင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသည်ကို တွေ့ရှိရကြောင်း ဒေသခံ တံငါသည်များမှ ပြောကြားပါသည်။

ယိုးဒယားငါးခိုးဝါးလတ်လှေများသည် တရားဝင်ခွင့်ပြုချက်မရှိသော တရားမ၀င် လက်နက်ခဲယမ်းများကိုင်ဆောင်ကာ မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ရောက်ငါးခိုးဖမ်းနေသည်မှာ နှစ်ကာလ တော်တော်ကြာမြင့်ပြီဖြစ်သည်။ လွန်ခဲ့သော သြဂုတ်လကုန်ပိုင်းလောက်ကလည်း ကျွန်းစခန်းများသို့ စားနပ်ရိက္ခာပို့ရန် ကော့သောင်းမြို့မှ ထွက်လာသည့် ပင်လယ်ပြင်စိုးမိုးရေး ကြည်းတပ်စစ်လှေငယ်အား လက်နက်ငယ်များဖြင့် စုပြုံ ၀ိုင်းဝန်းပစ်ခတ်ခဲ့ဘူးပါသည်။ ယိုးဒယားငါးခိုးဝါးလတ်လှေများ အုပ်စုလိုက် ၀ိုင်းပစ်ခတ်သော်လည်း လူသူလက်နက် ထိခိုက်မှုမရှိဘဲ ကော့သောင်းမြို့သို့ ပြန်ဆုတ်ခွာခဲ့ရသည်အထိ အတင့်ရဲလွန်းကြောင်းတွေ့ရပါသည်။

ယခုမြန်မာစစ်သင်္ဘောနှင့် ရင်ဆိုင်ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်သင်္ဘောကွပ်ကဲသူ စစ်ရေယာဉ်မှူး အရာရှိရဲ့ ဗျူဟာအခင်းအကျင်းနှင့် လှုပ်ရှားစစ်ကစားရွေ့လျားမှုကောင်းခြင်း၊ လှိုင်းကြားလေကြား မကြောက်မရွံ့ သူရသတ္တိနှင့် ရဲစွမ်းသတ္တိရှိပြီး စစ်သည်ရဲဘော်များ၏ စစ်ရေးလေ့ကျင့်ရည်ပြည့်ဝခြင်းဖြင့် ပြည်သူလူထုအသက်အိုးအိမ်နှင့် အကျိုးစီးပွားအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်အောင်မြင်ခဲ့သည့်အတွက် ကော့သောင်းမြို့နေပြည်သူလူထု၏ တခဲနက်ထောက်ခံအားပေးခြင်းကို အပြည့်အ၀ ရရှိခဲ့ပါသည်။

ယင်းတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်တပ်အကြီးအကဲများမှလည်း စစ်သင်္ဘောရှိ စစ်ရေယာဉ်မှူး အရာရှိနှင့် စစ်သည်ရဲဘော်များအား ရဲစွမ်းသတ္တိ ဆုတံဆိပ်များ ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးရေတပ်စခန်းအတွင်း ရောက်ရှိ အခြေပြုကာ နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ရေယာဉ်အား ပြန်လည်ကြံ့ခိုင်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြန်လည် ပြုလုပ်လျက်ရှိနေပါသည်။

ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င်ငါးခိုးဝါးလတ်လှေသည် ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်းအရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်းဝန်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့