Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 May 2014

အခြားလူမျိုးနှင့် ဘာသာများကို နှောင့်ယှက် ဖျက်ဆီးမည် မဟုတ်ဟု အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ထုတ်ပြန်

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းနေသည့်
 အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး
အဖွဲ့ (ဗဟို) အနေနှင့် အခြားသော လူမျိုးများနှင့်
ဘာသာများ အပေါ် နှောင့်ယှက်ဟန့်တားခြင်း၊
 ဖျက်ဆီးခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း
မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါအဖွဲ့ အနေနှင့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ကိစ္စများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့အတွက် တစ်တပ်တစ်အား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် ပြည်ထောင်စုအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန်သာ ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ သုံးလပတ် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခြင်း ဖြစ်သည်။


ယင်းအပြင် မဘသအဖွဲ့က ဦးဆောင်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ကန့်ကွက် ဆန္ဒပြမည် ဟူသည့် သတင်းများ အင်တာနက် လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများတွင် ဖော်ပြနေမှုများ ရှိနေပြီး အဆိုပါ သတင်းများမှာ မဟုတ်မှန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


သာသနာတော် တည်တံ့ခိုင်မြဲရေးနှင့် ထွန်းကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို သံဃမဟာနာယက အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် မကြာခင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃ အစည်းအဝေးကြီးကိုလည်း ကြိုဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မဘသအဖွဲ့၏ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး လှုပ်ရှားမှုကို ကြိုဆိုသော်လည်း ယင်းလှုပ်ရှားမှုတွင် အခြားလူမျိုးနှင့် ဘာသာများအပေါ် ထိခိုက်စေသည့် အပြုအမူနှင့် အပြောအဆိုများကို မြင်တွေ့နေရကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားသည်။


“အမျိုးဘာသာကို စောင့်ရှောက်တာကို လက်ခံပါတယ်၊ ဒါပေမဲ့ ဥပဒေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိန်းချုပ် ကန့်သတ်တာမျိုး ပါနေတာကိုတော့ ကန့်ကွက်တယ်” ဟု ၎င်းကဆိုသည်။


အမျိုးစောင့် ဥပဒေ ပြဌာန်းခြင်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၊ အခြားဘာသာဝင်များ အကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် အသွင်ဆောင်ခြင်းကြောင့် အမျိုးသမီးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၉၀ ကျော်တို့က ကန့်ကွက်ကြောင်းကို မေလ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။


အဆိုပါ အမျိုးစောင့် ဥပဒေသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ၏ ကိုယ်ပိုင် စဉ်းစားချင့်ချိန်နိုင်စွမ်းသော ဆင်ခြင်တုံတရား ရှိမှုကို လေးစား အသိအမှတ်မပြုခြင်း ဖြစ်ပြီး ဘဝနှင့် တိုက်ရိုက် သက်ဆိုင်သည့် အရေးကိစ္စများတွင် အမျိုးသမီးများကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ကန့်ကွက်သူများက ဆိုသည်။


မဘသအဖွဲ့ အနေနှင့် အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအတွက် ဆက်လက် အကောင်ထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးကို လာမည့် ဇွန်လ တတိယပတ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့