တိုင်းပြည်ကို တကယ်ချစ်ပါသလား? တိုင်းပြည်တကယ်တိုးတက်ချင်သလား?
ခေါင်းစဉ်ဖတ်လိုက်ရင် တော့ ကြီးကြီးကျယ်ကျယ်
လျှောက်ရေးထားတယ်ပေါ့ဗျာ။ ကြီးကျယ် တာတော့ ဟုတ်ပါတယ်။ ကြီးကျယ်
မြင့်မြတ်စွာ တွေးခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစကားပုံ တစ်ခုမှာ
ရင်လောက်တင်မှ ဒူးလောက်ကျ ဆိုရိုးတစ်ခု ရှိသည်မဟုတ်ပါလား။ ဒါပေမယ့်
ခမ်းနားစွာ တော့ ကျွန်တော် မရေးဖွဲ့နိုင်သေးပါ။ သို့ပေသည့် ကျွန်တော်
တတ်အားသလောက် ဉာဏ်စွမ်းမီသလောက် လေးတော့ တင်ပြပေးချင်ပါတယ်။ကျွန်တော်တို့ တိုင်းပြည်ကို ချစ်ကြသလားမေးရင် ချစ်ပါတယ်။ မှန်ကန်စွာ ချစ်ပါသည်။ ချစ်လို့လည်း ဒီလိုစာပေမျိုးကို ရေးရတာ ပေါ့ဗျာ။ ပြည်ချစ်စိတ်ဆိုတာ အမျိုးချစ်စိတ် နဲ့တော့ နဲနဲကွာတယ်ဗျ။ အမျိုးချစ်စိတ်ဆိုတာကတော့ ကိုယ့်အမျိုး ကောင်းစားရေးပေါ့ဗျာ။ အမျိုးချစ်စိတ်ဟာ အတ္တတော့ နဲနဲဆန်တယ်ပေါ့။ အမျိုးကိုချစ်တယ်ဆိုတာထက် တစ်တိုင်းပြည်လုံး တိုင်းရင်းသားအကုန်လုံးအတွက် အယုတ်အလတ် အမြတ်မရွေး ချစ်စိတ်နဲ့တော့ ကွာမည်ထင်သည်။ အကျယ်တ၀င့်တော့ မရေးပေးလို တော့ပါ။ လိုရင်းမရောက်တော့မှာစိုးလို့ ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ချစ်စိတ်ဆိုတာကို မိမိတိုင်းပြည် အနာဂတ် လှပစေချင်တဲ့ စိတ်လို့ တင်စားလိုပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ယနေ့ ခေတ်မှာ အမိမြန်မာပြည်ဟာ ဆာဟာရ လွင်တီးခေါင်ပြင် နီးပါး ဖြစ်နေလို့ပါပဲ။ ဘာကြောင့် လက်တစ်ဆုပ်စာ လူတစ်ချို့ကလွဲလို့ အလွှာအသီးသီး လူအတော်များများ အခြေခံလူတန်းစားတိုင်းလိုလိုဟာ ဆင်းရဲငတ်မွတ်နေရပါလဲဆိုတော့ ကျွန်တော်တို့ ငယ်စဉ်အခါတုန်းက ကျွန်တော်တို့အတွက် အနာဂတ်လမ်းဟာ ပျောက်ခြင်းမလှ ပျောက်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ အချိန်ခါမှာ ကျွန်တော့်မှာ ကိုယ်ချင်းစာနာစိတ်လေးတစ်ခု ဖြစ်လာမိတယ်။ အဲဒါကတော့ ပြည်ချစ်စိတ်တွေ ရှိကြရင် ငါတို့ခံစားခဲ့ရသလို ငါတို့ ဒုက္ခရောက်သလို နောက်လာနောင်သားတွေ ငါတို့ ဖြစ်ခဲ့သည့် အတိုင်း ငါတို့ ကြုံတွေ့ခဲ့ကြရသည့်အတိုင်း မဖြစ်စေချင် မကြုံတွေ့စေချင်ဘူး ဆိုတဲ့ဆန္ဒအပြည့်နဲ့ ပြည်ချစ်စိတ်ကို မွေးလိုက်တာပါ။ ကျွန်တော် ဒီစာရဲ့ အပေါ်မှာ တိုင်းပြည်ချစ်စိတ်ကို သေချာ ပြောခဲ့ပါတယ်။ မှန်ကုန်စွာ ချစ်ပါသည်ဆိုတဲ့ စကားလေး ပဲ ဖြစ်ပါတယ်။
အဲဒိမှန်ကန်စွာချစ်သည် ဆိုတာကတော့ အလွန်ကို ရှင်းပါသည်။ မည်သည့် ပုဂ္ဂိလိကအကျိုး၊ အသင်းအဖွဲ့ တစ်ခု အတွက်အကျိုး မည်သည့်ပါတီအကျိုးအတွက် ဘာတစ်ခုမှရလိုစိတ် စိုးစဉ်းမျှ မရှိပါဘဲလျက် ချစ်သည်ကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။မမှန်မကန် ချစ်သောသူများရှိလို့လည်း မှန်ကန်စွာ ချစ်ပါသည်ဟု ပြောဆိုခြင်းဖြစ်ပါသည်။
ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော် တိုင်းပြည်အတွင်း တစ်ထောင့် တစ်နေရာကနေ အလုပ်လုပ်ကိုင်နေသော အစိုးရ လခစားလည်းမဟုတ်ပါ။ ပြည်တွင်း မှ ကုမ္ပဏီဝန်ထမ်း တစ်ယောက်လည်း မဟုတ်ပါ။ ပြည်ပတွင် ကာလရှည်ကြာစွာ နေထိုင်ပြီး သူများတိုင်းပြည်တွေမှာ ကျွန်တစ်ယောက်အဖြစ် အသက်မွေးရင်း ရှာစားနေသူတစ်ယောက်ဆိုရင် မမှားပါဘူးခင်ဗျာ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက မင်းကြီးလာရင် နိုင်ငံခြားသွားရလိမ့်မယ်လို့ ဗေဒင်ကဟောဟော လက္ခဏာကြည့်ကြည့် စိတ်ထဲမှာတော့ ကျိတ်၍တစ်မျိုး ပေါ်ပေါ်ထင်ထင်တစ်ဖုံ ပျော်ခဲ့ကြသည်။ တကယ်လည်း သွားရတော့ လေယာဉ်ပေါ်မတက်ခင်အထိတော့ အတိုင်းမသိ ပျော်ရွှင်ခဲ့ရပါသည်။ ဟိုဘက်နိုင်ငံကိုရောက်လို့ မကြာခင်ရက်ပိုင်းမှာ စတွေ့တော့တာပဲဗျာ။
တကယ့်လက်တွေ့မှာတော့ ပျော်ခဲ့ရသည့်အချိန်နဲ့ သူများမျက်နှာကြည့်ပြီးနေရ စားရသည့် အချိန်က ဘယ်ဟာပိုများတုန်းဆိုတာ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်သူတိုင်းလိုလို သိကြပါ လိမ့်မည်။ ကျွန်တော်ကတော့ ကျွန်ခံရခြင်းဟုပင် ခပ်ရင့်ရင့် ပြောချင်ပါသည်။ ကိုယ့်တိုင်းပြည်မှာ လုပ်စား ပါလား၊ ကိုယ့်ပြည်တွင်းမှာ အလုပ်တွေလည်း ရှိသားနဲ့ဟု စာဖတ်သူ ပြောခွင့်ရှိပါသည်။ ပြောလည်း ပြောသင့်ပါသည်။ မြန်မာနိုင်ငံထဲကလူတွေ ဒီလိုပဲ ရှာစားနေကြတာပဲ မဟုတ်လား ငတ်သေသွားလို့လား လို့ စောကတ တက်မည်ဆိုလျှင်လည်း ခံရမည်သာ။ ဒီကြားထဲ ရှိသေးသည်။ အချို့မြန်မာများ ကြိုတင်ရောက်နှင့်ပြီးသူများက ခေါင်းပုံဖြတ်တာခံရသူလည်းရှိကြ သလို ရောင်းစားခံရတာလည်း ရှိနေကြတာတွေ အစုံအစုံပဲဗျာ ဒုက္ခအစုံစုံ နဲ့ အကုသိုလ်တွေလည်း ဒုနဲ့ဒေးဗျ။ အိုဗျာ အဲဒါတွေ ပြောမနေတော့ပါဘူး။ ဒါတွေပြောနေသမျှတော့ ရှေ့ကို ရောက်တော့မှာကို မဟုတ်တော့ဘူး။ နောက်များ အခါခွင့်သင့်လျှင်တော့ လိုအပ်တဲ့ ရှုထောင့်တစ်ခုကနေ အစဆွဲထုတ်ပြီး ပြောဦးမှာပါ။
ကဲ ဆက်ပြီဗျာ။ ကိုယ့်တိုင်းပြည်တွင်းမှာ လုပ်ကိုင်စားပါတော့လား ဆိုတဲ့ မေးခွန်းကို စာရှုသူတို့က မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ကျွန်တော် ဖြေမယ်ဗျာ။
(၁) ကျွန်တော်တို့အတွက် (လူတိုင်းအတွက်ဆို ပိုမှန်မည်) အမိမြန်မာပြည်ကြီးက လုံလောက်တဲ့ ၀င်ငွေ နဲ့ မျှတတဲ့ ထွက်ငွေမျိုးကို ပေးနိုင်တဲ့ အလုပ် ရှိပါသလား၊
(၂) အလုပ်အကိုင်ရော လိုသလောက် ရနိုင်ပါရဲ့လား။ သူ့လူ ဟိုလူ့ သား ဟိုအရာရှိ မိတ်ဆွေ ရဲ့ ဘာညာ တော်စပ်ပုံတွေနဲ့သာ ပြည့်နှက်နေတဲ့ အလုပ်အကိုင် လောကဆိုတာ ဟုတ်ပါသလား။
(၃) မြန်မာ့ ထုံးတမ်းစဉ်လာအတိုင်း အလုပ်ကို စိတ်ရှိတိုင်း လုပ်နိုင်ဖို့ရာ နိုင်ငံတော် အစိုးရက တိတိကျကျ စနစ်တကျ ပြည်သူကို ကိုယ်ဖိ ရင်ဖိ နဲ့ စောင့်ရှောက်ကြည့်ရှုခဲ့ကြလို့လား။ ဆိုလိုသည်မှာ ထွက်ကုန် တင်ပို့ခြင်း၊ ၀င်ကုန်များ တင်သွင်းခြင်းဆိုင်ရာမှာရော ကိုယ်စိတ်တိုင်းကျ စည်းမျဉ်းဥပဒေများအတိုင်း လုပ်ပိုင်ခွင့်ရှိသလား။ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သူ့လူတွေဆို လုပ်ချင်တာလုပ်လို့ရနေချိန် ဘာလူကြီးကိုမှ ဘာလာဘ်ပေး လာတ်ယူမှု မရှိဘဲနဲ့ ဘာမှ လုပ်မရဘူးဆိုတာ စာဖတ်သူတို့ သိကြပါလိမ့်မယ်။ အတွင်းလှိုက်ခြစားနေတဲ့ လောကဖြစ်နေတယ်။
ဒီလို ဟိုလို ဟာတွေ လိုက်ညှိပြီး ကျွန်တော်တို့လို ပိုက်ဆံမရှိ မျက်နှာမွဲ မည်သည့်လူကြီး ကျောထောက်နောက်ခံ မှ မရှိတဲ့သူတွေ ပညာတွေ တတ်အောင်သင်ပြီးသကာလ အစိုးရမှာ ကျွန်တော်တို့ ဒီပညာနဲ့ ဘွဲ့ရလာပါပြီ။ သင့်လျော်တဲ့ အလုပ်တစ်ခု ပေးပါလို့ တောင်းကြည့်လိုက်ပါ။ ခင်ဗျားတို့ တင်လိုက်တဲ့ အလုပ်လျှောက်လွှာ အမှိုက်ပုံးထဲ ရောက်သွားလျှင်တောင်မှ ကံကောင်းပါတယ်လို့ပဲ မှတ်ခဲ့ရတာပါ။ အလုပ် ရ မရ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်က လူတွေ ပိုသိမှာပါ။ မရနိုင်သည့်အပြင် ထောင်ထဲ မ၀င်ရ လျှင်တောင် ကံ ခပ်ကောင်းကောင်းပဲ မဟုတ်ပါလား။ ပြောမဆုံးပေါင် ဗျာ။ ပြောရင်လည်း ပြောတာပဲ အဖတ်တင်တော့မယ်။
ဒါပေမယ့် တစ်ခုတော့ ပြောလိုက်ချင်ပါတယ်။ သမိုင်း ဆိုတာ ဖျောက်ဖျက်လို့ ရကောင်းတဲ့အရာတော့ မဟုတ်ဘူး ဆိုတာရယ် သမိုင်းက စကားပြောပါလိမ့်မယ် ဆိုတာရယ်ကိုတော့ အဲဒိ ခေတ်က အုပ်ချုပ်ခဲ့တဲ့ လူတွေ သိပါစေလို့။
ကဲ စာရှုသူတို့ သင်တို့ ကို စောဒက တက်တာမဟုတ်ပါဘူးနော်။ ဘာကြောင့် နိုင်ငံခြားထွက်ပြီး ကျွန်ခံရတာလဲ ဆိုတာလေးကို ပြောပြတာပါ။ မပြောခဲ့တဲ့အချက်တွေလည်း များစွာ ကျန်ခဲ့ပါသေးတယ်။ ပြောမနေတော့ဘူး လက်တွေ့ ပဲ ဆက်လက်အကောင်ထည်ဖော်တော့မယ်။ ကျွန်တော်တို့ တိုင်းပြည် အတွက် ရှေ့ဆက်ရမယ့် ခရီး အလွန်ကြမ်းတမ်းနေသေးတယ်။
တိုင်းပြည်အနာဂတ်ပဲ ဆက်ပြောတော့မယ်။
တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုတဲ့စိတ်နဲ့ ပြောလိုက်ပါ့မယ်။ တိုင်းပြည်တကယ် တိုးတက်စေချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ တစ်ဦးချင်း လူသားတိုင်းကိုယ်စီမှာ အသိစိတ်တစ်ခု ထည့်ရပါလိမ့်မယ်။ အဲဒိ အသိစိတ်ဟာ အလွန် လွယ်ကူစွာ ဦးနှောက်ထဲ ရောက်နိုင်ဖို့ လိုအပ်ပါသည်။ အဲလိုရောက်ဖို့ကိုလည်း မိမိကိုယ်တိုင် အရင်သိအောင်လုပ် ပြီးရင် လက်တွဲဖော် မိတ်ဆွေ အိမ်သူ တစ်ယောက်ကစလို့ လက်လှမ်းမီသလောက်ကို ဆွဲခေါ်လိုက်ရင် တမဟုတ်ချင်း တိုးတက်သွားမှာ ဧကန်မလွဲပါပဲ။
တိုင်းပြည်တိုးတက်ဖို့ ဆိုတာကတော့ အဖက်ဖက်က နေရာတိုင်းက ချွတ်ချုံကျနေတော့ ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား လို့ ပြောလိုက်ကြည့်ပါ။ ပြောတဲ့နေရာအားလုံးလိုလိုဟာ အားနည်းချက် ဟာကွက် တွေချည်း သက်သက် ဖြစ်နေလေတော့ တကယ်လည်း လိုအပ်ချက်တွေအပြည့်နဲ့ဆိုလေတော့ ချက်ချင်း ရှုတ်ချည်းဆိုသလို တိုးတက်အောင်လုပ်ဖို့ တယ်လည်း မလွယ်လှပေဘူးဗျ။ ဟူး..ကနဲပဲ။ သက်ပျင်းရှည်ကြီး ချ လိုက်ရတယ်ဗျာ..
သို့ပေမယ့်လည်း ယနေ့ ကျွန်တော်တို့ တွေဟာ လူငယ်တွေကို ဦးဆောင် ဦးရွက် ပြုရမယ့်အချိန်မှာ စိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ စိတ်ကို အမြင့်ဆုံးထိဆွဲတင်ပြီး သူတို့ အနာဂတ်အတွက် ကိုယ်တွေ့ လက်တွေ့ ဦးဆောင်မှု ပြုနိုင်မှသာ တော်ရုံကျမည်ဖြစ်သည်။ လူငယ်တိုင်းလိုလိုလည်း တိုးတက်နေတဲ့ ခေတ်ပညာကို အနည်းနဲ့အများဆိုသလို တတ်သိနားလည် လာကြပေသည်။ ကျွန်တော်တို့ ခေတ်က ရုပ်မြင်သံကြားဆိုတာ တယ်လီဗေးရှင်းဆိုတာ မရှိခဲ့ပါ။ ရေဒီယို ကတ်ဆက်ခေတ်လောက်ပဲ ရှိခဲ့ပါတယ်။ ယနေ့ လူငယ်တွေကတော့ အင်တာနက်ပါ မွေးကတည်းက ကိုင်သုံးနိုင်လောက်တဲ့အထိ ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့တွေကို မျက်စိလည် လမ်းမမှားရအောင် လုပ်သင့်လုပ်ထိုက်တာ ပြောသင့်ပြောထိုက်တာ ဦးဆောင်သင့် ဦးဆောင်ထိုက်တာ အားလုံးကို တိတိကျကျ ထိထိရောက်ရောက် နဲ့ လမ်းပြပေးနိုင်ဖို့ရာ အထူးအထူးကို လိုအပ်ပါတယ်။
ဒါကြောင့် လူငယ်တွေတိုးတက်မှ တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်ဆိုတာ ယနေ့ လူလတ်ပိုင်း လူကြီးပိုင်းတွေ သိသင့်တယ်လို့ လည်းထင်ပါတယ်။ လူငယ်တွေကို ဦးစားပေးရမယ့်အချိန် ကို မရောက်မီ မိမိတို့ လူလတ်၊ လူကြီးပိုင်းတွေဟာ မမှားသင့်တဲ့ အမှားတွေ ကို ထောက်ပြ ညွှန်ကြားရမယ်။ မှားခဲ့ပြီးတဲ့ အမှားတွေအတွက်လည်း သင်ခန်းစာကောင်းတွေ ပေးနိုင်ရမယ်။
သူတို့လေးတွေ တိုးတက်လာမှသာလျှင် ကျုပ်တို့တိုင်းပြည် အနာဂတ် လှပ သာယာလာမှာပါ။ ကျွန်တော်တို့ လက်ရှိမှာ တိုင်းပြည်တိုးတက်ဖို့ လိုအပ်ချက်ပေါင်း သောင်းခြောက်ထောင်ရှိပါတယ်။ အဲလို ထဲကမှ စည်းကမ်းပိုင်း နည်းလမ်းပိုင်းတွေ အားလုံးလည်း စိတ်ရှိတိုင်းတင်ပြပေးသွားပါမည်။ ပြည်ပ အတွေ့ကြုံများနှင့် ယှဉ်ကာ တင်ပြဆွေးနွေးပေးသွားပါမည်။
အခြားအခြားသော တိုင်းပြည်တိုးတက်မှုပိုင်းဆိုင်ရာတွေ အားလုံးရဲ့ အရှေ့ဆုံးတစ်ခုကိုပဲ စတင် ပြောပါ့မယ်။ အခြားသော အဓိက ကျပါတယ်ဆိုတာတွေ အားလုံးထက် အဓိက ရဲ့ ပိုမိုအဓိက အကျဆုံးအချက်သည် ကျန်းမာရေး ပဲ ဖြစ်ပါသည်။
ကျန်းမာရေး လို့ ဆိုလိုက်တော့ ကျန်းမာရေးမှူးတွေ၊ ဆရာဝန်တွေရှိတာပဲ သူတို့လုပ်လိမ့်မယ် လို့ လွယ်လွယ် ပြေးမမြင်လိုက်ပါနဲ့ ခင်ဗျာ။
ဆရာဝန်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ မကျန်းမာလို့ ကုသမယ့်ဆရာဝန်တွေလည်း ရှိသလို အဲလို မကျန်းမမာ မဖြစ်ရလေအောင် တင်ကြိုကာကွယ်စောင့်ရှောက်ပေးရတဲ့ ဆရာဝန်တွေလည်းရှိကြပါတယ်။
ဒါပေမယ့် ဆရာဝန် ကုသမှ ကျန်းမာမယ်ဆိုတဲ့ ရှေးကျတဲ့ အတွေးခေါ်မျိုးကို လူငယ်တွေကို မပေးသင့်တော့ပါဘူး။ လုံးဝ ပေးသိသင့်တဲ့အချက်ကတော့ ကုသမှု နှင့် ကြိုတင်ကာကွယ်မှု ဆိုတဲ့အချက်ပါပဲ။
မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးသော ကုသခြင်းတစ်မျိုးပဲ ဖြစ်တယ်ဆိုတာ လူသားတိုင်း သိသင့်သိထိုက်ပါတယ်။
ရောဂါကတော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ဖြစ်ကို ဖြစ်လာနိုင်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ် ဟာ မွေးခါစတုန်းကတည်းက ကြီးထွားသန်မာဖို့ ဉာဏ်ရည်ထက်မြက်ဖို့ အားလုံးလိုလိုဟာ အစားအစာကို မှိခိုခဲ့ရပါတယ်။ အဲလို မှီခိုခဲ့ရတဲ့ အစားအစာတွေ ကနေပဲ လူကို ရောဂါ ပြန်ဖြစ်စေတာပါပဲ။ ဒါကြောင့်လည်းပဲ အစားအစာက အစ၊ အနေအထိုင်၊ အသွားအလာ ဉာဏ်ရည်ထက်မြက်ဖို့ ခန္ဓာသန်စွမ်းဖို့ ချင့်ချိန် စားတတ်လာအောင် အသိပညာတွေ များများပေးနိုင်ရမှာ ဖြစ်ပါတယ်။
အာရောဂျံ ပရမံ လာဘံ = ကျန်းမာခြင်းဟာ လာဘ်တစ်ပါး ဆိုသလိုပေါ့ဗျာ။
ခင်ဗျားကျုပ်တို့ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ အားလုံးဟာ အဲသည် ကျန်းမာရေး ဆိုတာနဲ့ တိုက်ရိုက်အချိုး သက်ရောက်နေတယ်။ ကျန်းမာရေး ကဏ္ဍကြီးကို ထပ်မံ သရုပ်ခွဲလိုက်ရင် စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေး ဆိုပြီး ၂ပိုင်းခွဲရမှာ ဖြစ်တယ်။ ဘယ်လိုပဲ ခွဲခွဲဗျာ ၂ခုစလုံး ကျန်းမာနေမှ သာလျှင် ဘာပဲလုပ်လုပ် အဆင်ပြေမယ်မဟုတ်လား။
အမျိုးသားရေး လုပ်ချင်ပါတယ်။ နိုင်ငံရေးလုပ်ချင်ပါတယ်ဆိုပြီး ဆေးရုံပေါ်ကနေ အော်နေလို့ မရနိုင်ပါ။ ကျန်းမာမှသာလျှင် လုပ်နိုင်မှာ ဖြစ်တယ်။ စီးပွားရေး ဘယ်လောက်ပဲ တိုးတက်နေပါစေ ခင်ဗျား အိပ်ယာထဲ လဲနေရင် သို့မဟုတ် လေဖြတ်နေရင် သို့မဟုတ် နာတာရှည် ရောဂါတစ်မျိုးမျိုးကို ခံစားနေရတယ်ဆိုရင် ခင်ဗျားတိုးတက်နေတဲ့ စီးပွားရေးဆိုတာဟာလည်း ခင်ဗျားအတွက်မဟုတ်တော့ပါဘူး။ ကျန်းမာ ဖို့ဆိုတာဟာ အသက်နဲ့ ထပ်တူထပ်မျှ အရေးပါကြောင်း သင်တို့ မြင်ကြပြီထင်ပါရဲ့။
ချွင်းချက်အနေနဲ့တော့ မတော်တဆ ဖြစ်မှု accident cases များကိုတော့ ကံအကြောင်းမလှ ဘူးလို့ သတ်မှတ်ရမှာပါပဲ။ သို့ပေမယ့် အဲဒိ မတော်တဆမှုဆိုတာဟာလည်း ကိုယ်က လုပ်လို့ မဟုတ်ဘဲ သူများထံကနေ တစ်ဆင့် ဖြစ်လာတာ ကိုသာလျှင် ဆိုလိုပါတယ်။ ကိုယ့်မှာ ရောဂါ မရှိပေမယ့် ရောဂါရှိသူနဲ့ နေလိုက်လို့ ရောဂါကူးစက်ခြင်းခံရတာဟာ မတော်တဆ မှု မဟုတ်ပါဘူး။ ပေါ့ဆမှုပါ။ ဂရုမစိုက်မှုပါ။ ခရီးသွားလို့ ကားမှောက်တာ၊ ဟိုကျိုးဒီကျိုးမျိုးကိုသာ မတော်တဆမှုလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲလိုအချိန်မျိုးမှာလဲ သတိ ဆိုတဲ့ အရာ ထည့်နိုင်ရင်တော့ အဲသည်မတော်တဆမှုဆိုတာတွေလည်းပဲ တဖြည်းဖြည်းချင်း လျော့ချလာနိုင်ပါသေးတယ်။
အဲသည်တော့ ပရိတ်သတ်ကြီးရေ ကျန်းမာရေးဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ နားလည်မြင်သာ လောက်ပြီ ထင်ပါရဲ့ဗျာ။
ဒါကြောင့်မို့လို့ ကျန်းမာရေးကို အဆင့်ခွဲ ပြီး စောင့်ရှောက်လိုက်ရအောင်။
(၁) တစ်ကိုယ်ရေ ကျန်းမာရေး
(၂) မိမိနှင့် အနီးစပ်ဆုံး အရာများ ကျန်းမာရေး (အိမ်မွေးတိရစ္ဆာန်များ၊ နေရာထိုင်ခင်းများ)
(၃) မိသားစု ကျန်းမာရေး
(၄) ပတ်ဝန်းကျင်ကျန်းမာရေး (စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း)
(၅) ရပ်ကွက် ကျန်းမာရေး
(၆) မြို့နယ် အဆင့်ဆင့်ကျန်းမာရေး
(၇) တိုင်းနဲ့ ပြည်နယ် အဆင့်ကျန်းမာရေး
(၈) တစ်တိုင်းပြည်လုံး အဆင့်ကျန်းမာရေး တို့ပဲဖြစ်ပါတယ်။
(၁) ကနေ (၈) အထိ တစ်ခုချင်းစီ ဆက်လက် တင်ပြပေးသွားပါမည်။
တင်ပြပုံတင်ပြနည်းများ လိုအပ်သည်များရှိနေသေးလျှင် သို့မဟုတ် လိုပါသေးတယ်ဆိုလျှင်တော့ အခြား သိသောသူများလည်း ၀င်ရောက် ပြောဆို သင်ပြပေးပါ။ ကျွန်တော် နာယူပါမည်ခင်ဗျာ။ မှတ်ချက် အနေနဲ့ ကျွန်တော် ဆရာဝန်တစ်ယောက်မဟုတ်ပါခင်ဗျာ။
No comments:
Post a Comment