လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 May 2014

ပွင့်သောပန်းတိုင်း လန်းစေချင်

လူငယ်လူရွယ်ဘဝမှာ ထူးချွန်၊ ထက်မြတ်ဖို့ လိုသလို ယဉ်ကျေးလိမ္မာတဲ့ အသိစိတ်ဓါတ်လေးတွေ ကလေး၊ သူငယ်လေးတွေရဲ့ စိတ်မှာ ကိန်းအောင် သန္ဓေတည်ဖို့ ဆိုတာလည်း အရေးကြီးသော အချက်တစ်ချက် ပင်လျှင် မဟုတ်ပါလား။ မိမိရှေ့မှာ ယဉ်ကျေးလိမ္မာ ကဗျာလေးကို နှုတ်တိုက် ရွတ်ဆိုနေသော ရွာထဲက ကလေးတွေကို ကြည့်ရင်း ပီတိများစွာ ဖြစ်ရသည်ပင်။
“ ယဉ်ကျေးလိမ္မာ ဆုံးမစာ ကဗျာ”
အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်သွားပါကွဲ့ မမေ့နဲ့။
ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။
မိဦးဖဦး၊ ဆရာဦး၊ ခူး၍နောက်ကွဲ့ မစားနဲ့။
ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင်ငါဟူ၍ မပြောနဲ့။
သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလဲယဉ်စေကွဲ့။
ဘရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ခါကွဲ့မစားနဲ့။
(မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့)
ထမ်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။
ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
လက်ကိုလျက်က်ာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
နှုတ်ခမ်းပါးနား၊ လျက်ခါစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။
ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့်မကိုင်နဲ့။
အိပ်ပေါ်ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်းနဲ့။
ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
သူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
သူးထောက်ပေါင်ကား၊ ဆရာနား(မိဘနား)၊ အလျားမှောက်၍ မနေနဲ့။
အိပ်ရာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။
သောက်ရေသုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။
ကျောင်းတွင်းအိမ်တွင်း၊ ရှုပ်နေလျှင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့။
မိန်းခလေးမှာ၊ အရာရာ၊ ပြားတီးပြာတာ မရှပ်နဲ့။
မိန်းမ၊ မင်း၊ ဆင်၊ ရဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့ လေးဦးတဲ့။
မိန်းမဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့ မှန်လေတဲ့။
ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှားရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
အများပိုင်ကို၊ ကိုဟာလို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။
ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလု့ကွဲ့ မခိုနဲ့။
ဧည့်သည်အာဂန္တု၊ ရောက်လာမှု၊ ဆု၍ညံကာ မနေနဲ့။
လူရုပါလူပွေ၊ လူယုတ်တွေ၊ ရှောက်လေရျားကွဲ့ ဝေးဝေးတဲ့။
ဘိန်းအရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့၊၊
ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
ဘုရားပုထိုး၊ ဦးညွတ်ကျိုး။ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
မိခင်ဖခင်၊​ ဆရာရှင်၊ နေ့စဉ်မမေ့နဲ့၊ ရှိခိုးကွဲ့။
ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီး ဖြစ်မှ မဟုတ်ပါဘူး။ လူတိုင်း ပညာတက်မြောက်ရေး၊ အနည်းဆုံးတော့ လူငယ်၊ လူရွယ်တိုင်း မိမိတို့ရဲ့မြန်မာစာကို ကောင်းစွာ ရေးနိုင်ဖတ်နိုင် ကြလျှင်ပင် အတော်လေး ဟုတ်သည်လို့ တွေးထင်မိသူ၊ ခံယူထားမိသူ မိမိအတွက်တော့ ကလေးတွေရဲ့ ကဗျာရွတ်သံ၊ စာအံသံလေးတွေက နှလုံးဆီထိ ဂွမ်းဆီထိ သကဲ့သို့ပင်။
“ပုံ့ပုံ့ သမီးလေး ဘာတွေလုပ်နေလဲ”
“ မင်္ဂလာပါ ဘုန်းဘုန်း၊ သမီး ဘုန်းဘုန်းသင်ပေးတဲ့ အလင်္ကာလေး ဆိုနေတာလေ”
မိမိရဲ့ အမေးကို ချစ်စဖွယ် အပြုံးလေးနဲ့အတူ နှုတ်ဆက်လိုက်တဲ့ ပုံ့ပုံ့။ ကလေးမို့ ဟန်ဆောင်ရမှန်းမသိ၊ ရိုးသားပွင့်လင်းတဲ့ ဟန်လေးတွေနဲ့ အဖြူထည်သက်သက်လေး။ ဥာဏ်သိပ်မထက်ပေမယ့် ဖော်ရွေတက်ပြီး စကားနည်းတက်တဲ့သူလေး။ ချစ်စဖွယ် အပြုံးလေးနဲ့ အနေအေးတဲ့ ပုံ့ပုံ့က ကလေးငယ်တွေ အားလုံးထဲမှာမှ တမူ ထူးထူးခြားခြားလေး ဖြစ်နေတက်သူ။ ကလေးငယ်လေးတွေက ပုံသွင်းရ လွယ်ကူတဲ့ ဖယောင်းတွေလိုပဲ လိုသလို ပြုပြင်လို့ ရသူများမို့ ငယ်စဉ်ကတည်းက နည်းကောင်း၊ လမ်းမှန်လေးတွေနဲ့သာ ရှင်သန် ကြီးထွားစေမယ်ဆိုရင် သူတို့လေးတွေရဲ့ အနာဂတ်လေးတွေဟာ လှပခြင်းများစွာဖြင့် ဖြောင့်ဖြူးကြမှာ အမှန်ပင် မဟုတ်ပါလား။
နွေရာသီ ကျောင်းပိတ်ရက် နှစ်စဉ်နှစ်တိုင်း “ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ” သင်တန်းလေး အမြဲပို့ချဖြစ်တာကိုပင် မိမိအနေဖြင့် ကြည်နူးမဆုံး။ ကျေးလက်က ကလေးတွေမို့ ပညာရေးနဲ့ လိမ္မာရေးခြားရှိဖို့ဆိုတာ မိဘတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရှိဖို့ လိုတယ်ဆိုပေမယ့် ကိုယ်တိုင်က ပညာရည်မပြည့်ဝကြတဲ့ တောသူတောင်သားတွေမို့ ကလေးသူငယ်လေးတွေရဲ့ ပညာရေးကို အားပေးရကောင်းမှန်း နားမလည်ကြတဲ့ မိဘတွေကို ပညာပေး ဗဟုသုတတွေ မျှဝေရင်း ကျေးလက်က ကလေးငယ်လေးတွေကို ယခုလို သင်တန်းလေး ပေးနေရတာကိုပဲ များစွာသော အကျိုးရှိသည်ဟု ထင်မြင်မိရသည်ပင်။
“ပုံ့ပုံ့ နောက်နှစ် နွေရာသီ ကျောင်းပိတ်ရင်လည်း သင်တန်း လာတက်ရမယ်နော် သမီး၊ ဒေါ်ဒေါ်ကိုလဲ ပြောပြထားနော်..”
“ဟုတ်ကဲ့ ဘုန်းဘုန်း..”
အဒေါ်ဖြစ်သူနဲ့ အတူနေရသူလေးမို့ ထိုသို့ မှာရခြင်းဆိုပေမယ့် အဒေါ်ဖြစ်သူက အမေဖြစ်သူထက်ပင် ပုံ့ပုံ့လေးကို ချစ်ခင် ဂရုစိုက်သူပါ။ စာရေး၊သောက်ရေး အပြင် ပုံ့ပုံ့လေးကိုလည်း အချစ်ပိုသော အဒေါ်ဖြစ်သူကြောင့်လည်း မိခင်ဖြစ်သူက စိတ်ချလက်ချ အပ်ထားခြင်းပင် ဖြစ်ပေလိမ့်မည်ပင်။ မေတ္တာတရား၏ သဘောတရားကြောင့်လို ဆိုရလေမလားပင် မသိ။ ကလေးငယ်များကို ချစ်ခင်သော မိမိကိုမြင်တိုင်း ကလေးငယ်တိုင်းကလည်း သူတို့နှုတ်ဖျားမှ “သားတို့ ဘုန်းဘုန်း၊ သမီးတို့ ဘုန်းဘုန်း” ဆိုသော အသံလေးများပြန်လည် ကြားရတိုင်း အတိုင်မသိ ဝမ်းသာရသည့် ကြည်နူးပီတိသည် မည်သို့သော ခံစားမှုနှင့်မှ ထပ်တူမကြနိုင်အောင်ပင် ချိုမြိန်လွန်းသည်ဟု မိမိအဖို့ ထိုသို့ပင် ထင်မြင်မိသည်။
ရောက်ရာနေရာ ကျေးရွာထဲတွင် ပြေးလွှား ဆော့ကစားနေရာမှ မိမိကို မြင်တိုင်း အဆော့ရပ်ကာ လက်အုပ်လေးများ ချီ၍ လည်းကောင်း၊ လက်ကလေးများ ပိုက်၍ လည်းကောင်း ဘုန်းဘုန်း နေကောင်းလားဟု နှုတ်ခွန်းဆက်သ တက်သော မိမိရဲ့ ကမ္ဘာကျော် တပည့်လေးများရဲ့ အပြုမှုလေးတွေက တစ်သက် မမေ့နိုင်စရာလေးများပင်။ နှစ်စဉ်နှစ်တိုင်း နွေရာသီ သင်တန်းပို့ချ ချိန်လေးများသည် ကလေးငယ်တွေ အတွက်လည်း များစွာ အကျိုးရှိလှသလို ပညာရေးကို အားပေးရကောင်းမှန်း မသိ၊နားမလည်ရှာသော ကျေးလက်နေ မိဘများကိုလည်း အသိပညာ ဖြန့်ဝေ ပေးရာ ရောက်သောကြောင့် နှစ်စဉ်နှစ်တိုင်း သင်တန်းလေး မပြတ်ပို့ချနိုင်ဖို့ ကြိုးစားရသည်မှာ မမောပန်းနိုင်အောင် ရှိလှသည်။
“ဘုန်းဘုန်းရေ ဘုန်းဘုန်းရဲ့ တပည့်ကျော်က ဘုန်းဘုန်းအတွက်နဲ့ ဒေါ်ဒေါ်အတွက်ဆိုပြီး စာထည့်ရေးပေးလိုက်တယ် ဘုရား”
“ဟုတ်လား ဘာများတုန်း ဒကာမကြီးရဲ့…”
“ဘုန်းဘုန်းကို မှာပေးပါတဲ့ သူသင်တန်းတက်ချိန် အမှီပြန်လာပါ့မယ်လို့တဲ့ ဘုရား၊ သူ့အမေ့ အမျိုးတွေဆီ အလည်သွားလို့ အလွမ်းသည်ပြီး ခေါ်သွားတာလေ၊ ကလေးက မလိုက်ချင်ဘူးကြိးပဲ ငြင်းနေတာ၊ သူ့အမေက ချော့မော့ပြီး အတင်းခေါ်သွားလေရဲ့၊ ဘုန်းဘုန်းက သင်တန်းတက်ဖို့ ခေါ်ထားတယ်ကြိးပဲ ပြောနေတာ..”
အဒေါ်ဖြစ်သူထံမှ မိခင်ဖြစ်သူက ကလေးခေါ်သွားလို့ မကျေမနပ်ရေရွတ် သံတစ်ဝက်နဲ့ ဆိုနေပေမယ့် ကလေးငယ်ရဲ့ သဘောထားလေးကြောင့် ကြည်နူးစွာ ပြုံးမိရသည်။ ပုံ့ပုံ့လေးရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို မြင်ယောင်ရင်း
“အင်း သင်တန်းစတော့မှာကို သူသိတာကိုး ဒါကြောင့် ထင်ပါတယ် ..”
“ တင့်ပါ့ ဘုရား”
လက်ထဲ ရောက်လာတဲ့ စာဟု မမည်သော စာရွက် အပိုင်းစလေး စာရွက်တစ်ရွက်ကို ဖတ်ရင်း မိမိ ကျေနပ်စွာပင် ရယ်မောမိရသည့်အထိပင်။ ရေးထားသည့်စာမှာ
“ဘုန်းဘုန်းရေ သမီး သင်တန်းအမှီ ပြန်လာမယ်နော်။ အဲ့ဒီမှာလေ အမေက သမီးမလိုက်ချင် ပါဘူးဆိုတာကို အတင်းခေါ်လာတာ ဘုန်းဘုန်းရဲ့။ ရွာတွေလည်း တစ်ရွာပြီး တစ်ရွာ လျှောက်သွားနေရော၊ သမီးကတော့ ဘုန်းဘုန်း သင်တဲ့ သင်တန်းပဲ တက်ချင်တာ၊ အမြန်ဆုံး ပြန်လာခဲ့မယ်နော် ဘုန်းဘုန်း”
ဟူသော မညီမညာ စာလုံးများနှင့် ရင်ထဲကလာသော ရိုးသားဖြူစင်သည့် အဖြူရောင် သံစဉ်လေး။ ပီတိအပြည့်ဖြင့် ကျေနပ်စွာပင်၊ မိမိလုပ်ကိုင်နေသော အလုပ်လေးအပေါ် ဂုဏ်ယူမိချိန် Action & Reactionရဲ့ သဘောထားနဲ့ အတ္တဟိတကို ပါယ်ပြီး ပရဟိတကို ဦးစားပေးခြင်းရဲ့ အသီးအပွင့်လေးတွေကို တပြိုင်တည်း ခံစားမိလိုက်သည်။ တစ်ချိန်ထည်းမှာပဲ ပီမိုးနင်းရဲ့ အောင်စိတ် စာအုပ်မှ
ရှေးလူကြီးများကား ဖြစ်မြောက်အောင်လုပ်ဖို့ရန် စိတ်ဆန္ဒအစွမ်းကြောင့် နည်းလမ်းကို ရကြလေသည်။ လူမှာရှိသော တန်ခိုးသည် အံ့ဖွယ်သောအရာတို့ကို ဖြစ်မြောက်စေနိုင်၏။ အခါများစွာ နတ်များက အကြံဥာဏ်ပေးသည်ဟု မှတ်ထင်ရလောက်အောင် ထူးဆန်းလေသည်။

ဟူသော သုံးသပ်ချက်လေးကို သတိရမိသွားရသည်။ တစ်ဖက်ကလည်း "အတ္တသမ္မာ ပဏီဓိ" ဆိုသလို မိမိကိုယ်မိမိ ကောင်းစွာ ဆောက်တည်ကြည့် ဖို့  ကြိုးစားရင်း မိမိတက်စွမ်းသည့်ဘက်မှ အများအကျိုးအတွက် အကျိုးရှိမည့် အလုပ်များ ဆက်လက်လုပ်ကိုင်နိုင်ဖို့ ခွန်အားများ သွေးသားထဲသို့ စီဆင်းလာခဲ့ရသည်။
တစ်ကယ်တမ်း သင်တန်းဖွင့်ရက် ရောက်တဲ့ အချိန်မှာတော့ သင်တန်းရှိရာသို့ ပုံ့ပုံ့လေး ရောက်မလာခဲ့ပါ။ မိခင်ဖြစ်သူနှင့် ဆွေမျိုးများ ရှိရာသို့ အလည်သွားရင်း ဦးလေးဖြစ်သူများနှင့် မြစ်တွင်းသို့ ရေဆင်းချိုးရင်းမှ မတော်တဆ ရေနှစ်သေဆုံး သွားသည် ဟူသော သတင်းစကားလေးသာ ရောက်ရှိလာခဲ့သည်။ ဝမ်းနည်း ကြေကွဲမှုသည် အတိုင်းဆ ကြီးမားစွာပင် ရင်သို့ ရိုက်ခတ်လာသည်။ နုနယ် ငယ်ရွယ်သော အသီးကင်းလေးသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံး ရသကဲ့သို့ပင် ငယ်ရွယ်နုပျိုသော အဖြူစင်ဆုံးသော ကလေးဘဝလေးမှာပင် အကြွေစောသော သူမလေးအတွက် နှမြောတသ လွန်စွာဖြစ်ရသည်။
သူမလေးရဲ့ သင်တန်းတက်ချင်သော ဆန္ဒတစ်စုံနှင့် ရွာသို့သာပြန်ချင်သော သူမလေးရဲ့ ဆန္ဒကို အကြောင်းပြု၍ သူမလေးရဲ့ အလောင်းကို ရွာသို့ ပြန်လည်ယူဆောင်ကာ သဂ္ဂြိုလ်ခြင်း ပြုကြသည်။ ရက်လည်သို့ ကူငွေထည့်ရင်း ရောက်ရှိချိန်မှာတော့ ပုံ့ပုံ့လေး၏ အဒေါ်ဖြစ်သူသည် မိမိကို မြင်သည်နှင့်ပင် ဝမ်းနည်းစွာပင်
“သမီးလေးရေ.. သမီးရဲ့ ဘုန်းဘုန်း လာပြီလေ သမီးလေးရဲ့.. သင်တန်းတက်ချင်လို့ဆို..”
ဟု ငိုကြွေးရင်း မေ့မျောသွားရသည့်အထိပင်။ မည်သို့ပင် ဆိုစေကာမှု သေခြင်းတရားသည်ကား ပျိုပျို၊ အိုအို၊ ကြီးသည်၊ ငယ်သည် မခွဲခြားပဲ အချိန်မရွေး ဆန့်သောလက်၊ မကွေးမှီ၊ ကွေးသောလက် မဆန့်မည် ဆိုသကဲ့သို့ပင် မြန်ဆန်လွန်းလှသည်ပင် မဟုတ်ပါလား။
“ အဓိကက မိမိသန္တာန်မှာ အမြဲတစေ ကုသိုလ်ဖြစ်စေမဲ့အရာများ ရှိနေဖို့ပါ။ ဒါမှ သေဆုံးတဲ့အခါ သုဂတိဘုံကို ရောက်ပါလိမ့်မယ်။ မိမိသန္တာန်မှာ ကုသိုလ်တရားလေးတွေ အမြဲတစေရှိဖို့ အရေးကြီးတာကြောင့် ကုသိုလ်တရားလေးတွေ နေ့စဉ်ရှိနေပြီး အာရုံပြုနေမိဖို့..”
အရေးကြီးလှ သလိုပဲ သူမလေးရဲ့ အတွေး သန္တာန်မှာ ကိန်းကောင်းနေတဲ့ ကောင်းသော ကုသိုလ်စိတ်ကလေးကြောင့် ကောင်းသော သုကတိဘုံမှာ ရောက်ရှိပါစေလို့ပြုပြုသမျှသော ကုသိုလ်ကောင်းမှုတို့ကို အမျှအတမ်းပေးဝေရင်း ရောက်ရာ ဘုံဘဝမှ သာဓု အနုမောသဒ္ဓါ ခေါ်ဆိုနိုင်ပါစေလို့ ဆန္ဒပြုမိသည်။ သဗ္ပေသက္ကာ ကံမက္တာ သတ္တဝါ တစ်ခု ကံတစ်ခုဟု ခံယူသော်လည်း ငယ်ရွယ်နုနယ်သော အသီးကင်းလေးများနှင့်တူသော ကလေး၊ လူငယ်များအားလုံးသို့ ရည်ရွယ်လျှက်မှ “ပွင့်သောပန်းတိုင်း လန်းစေချင်” ဆိုသော ဆောင်ပုဒ်လေးအား အကြိမ်ကြိမ် အခါခါ ကြားယောင်နေမိတော့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့