Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

*** ချစ်ခြင်းသက်သေ ***


နာကျင်စရာ အတိတ်တစ်ခုနှင့်အတူ အနည်ထိုင်စ ပြုနေသော နှလုံးသားနဲ့ ကျွန်မကို-  
“ အတိတ်မှာ နင် နာကျင်နေတယ်၊ ပစ္စုပ္ပန်မှာ ငါ နာကျင်နေတယ်၊ အနာဂတ်မှာ ဘယ်သူ နာကျင်ရမှာလဲ ” ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျွန်မ ဘဝထဲ စတင်ဝင်ရောက်ခဲ့သူ မောင် အတွက် ကျွန်မရဲ့  ဒိုင်ယာရီလေးကို ခဏတာ ဖွင့်ပြမိလိုက်ပါတယ်...
ဆောင်းတွင်း အအေးဓာတ်ကြားက နွေးထွေးတဲ့ ချစ်မေတ္တာတရားနဲ့ ကျွန်မအနားရောက်လာသူ မောင့် ကို ကျွန်မရဲ့  နေ့တစ်နေ့တာ မှတ်သားစရာ တစ်ခုအဖြစ် စတင်မှတ်သားမိလာတာ ကျွန်မ ကိုယ်တိုင်တောင် မသိလိုက်မိတဲ့ အဖြစ်ရယ်ပါ...
မနက်ခင်းတိုင်း လန်းဆန်းတဲ့ အပြုံးပွင့်လေးနဲ့ နိုးထနိုင်အောင် မာယာမပါတဲ့ နှုတ်ခွန်းဆက် စာလေးတစ်စောင်နဲ့ မက်ဆေ့ခ်ျ အမြဲ ပို့တတ်တဲ့ မောင်...
အဖော်မရှိတဲ့ အခန်းငယ်ထဲ တစ်ယောက်ထဲ အလုပ်လုပ်ရသူ ကျွန်မ စိတ်အပန်းပြေအောင်၊ အပျင်းပြေအောင် ဟာသလေးတွေပြောပြီး ဖုန်းအမြဲဆက် အားပေးတတ်သူ မောင်...
ကျွန်မ စိတ်ကြည်သည်ဖြစ်စေ၊ မကြည်သည်ဖြစ်စေ ပုံမှန်ဝတ္တရား မပျက် အပြုံးတစ်ဖက်နဲ့ ညနေ ရုံးဆင်းချိန်တိုင်း အပြေးလာကြိုတတ်သူ မောင်...
ဒ်ီလိုမျိုး ချစ်တတ်သူတစ်ယောက်အပေါ် ချစ်သူမဖြစ်ခင်ကရော၊ ဖြစ်ပြီးချိန်မှာပါ နာကျင်မှုတွေ ကျွန်မ ပေးခဲ့မိပါတယ်...
နာကျင်မှုဆိုတာထက် အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ သက်သေဆိုရင်လည်း မမှားပါဘူး...
မောင့် လက်မှာ ကျွန်မနာမည်ကို ဓားနဲ့ရေးထွင်းထားတဲ့ အမှတ်အသားကလည်း ချစ်သက်သေ...
မောင် မပါတဲ့ ကျွန်မရဲ့  ခရီးတို၊ ခရီးရှည် မှန်သမျှ စိတ်မချတတ်ပဲ အရာရာကို လျှော့မတွက်ဖို့ အမြဲသတိပေးလေ့ရှိတာလည်း ချစ်သက်သေ...
အလုပ်များချိန်၊ စိတ်မကြည်ချိန်တွေမှာ အစားပုံမှန်မစား၊ ဆေးပုံမှန်မသောက်၊ အအိပ်ပါပျက်အောင် နေတတ်တဲ့ ကျွန်မကို “သူ့ အတွက်လည်း ထည့်တွက်ပေးပါလို့” ပြောတတ်တာလည်း ချစ်သက်သေ...
အသက်ငယ်သော်လည်း ကျွန်မအပေါ် ဆိုးချင်တိုင်း ဆိုးခွင့်မရပဲ အချစ်စစ်နဲ့ချစ်ရှာပြီး နားလည်မှုနဲ့ အလျှော့ပေးခဲ့ရပေါင်း များစွာဟာလည်း ချစ်သက်သေ...
ဒီအချက်တွေနဲ့ ထင်ရှားနေတဲ့ မောင့် ရဲ့ ချစ်သက်သေတွေကြားမှာ ကျွန်မလည်း နာကျင်မှုတွေနဲ့ ချစ်သက်သေတွေ ရှိခဲ့ပါတယ်လေ...
အတိတ်ဟောင်းကို ပြန်တူးဖော် နာကျင်စရာတွေ မောင် နှိုင်းယှဉ်လာတဲ့အခါတိုင်း ကျွန်မ အချစ်ကို “ယုံကြည်မှု လျော့ကျလာလေသလားစိတ်” နဲ့ မျက်ရည်ကျမိတဲ့ ချစ်သက်သေ...
ရန်ဖြစ်ချိန်တိုင်း အမြဲအလျှော့ပေးတတ်သူ မောင် တစ်ယောက် တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ပဲ ကျွန်မကို ပြန်အော်တတ်တဲ့အခါ “အရင်လို မချစ်တော့ဘူးလား” တွေးရင်း ရင်ထဲက ဝမ်းနည်းစိတ်နဲ့ စကားပြန်မပြောနိုင်ခဲ့တဲ့ ချစ်သက်သေ...
မလွှဲမရှောင်သာတဲ့ အလုပ်ကိစ္စကြောင့် ကျွန်မထက် ဦးစားပေးလိုက်ရတဲ့ ကိစ္စရှိလာတိုင်း အထင်လွဲစိတ်နဲ့ တန်ပြန်တုံ့ပြန်တတ်တာလည်း ချစ်သက်သေ...
ဘယ်လောက်ပင် စိတ်ရှုပ် စိတ်ညစ်စရာ ရှိနေကာမူ မောင့် စကားတစ်ခွန်းထဲနဲ့ ကျွန်မ စိတ်သက်သာရာရခဲ့တာလည်း ချစ်သက်သေ...
ကျွန်မနဲ့မောင့်ကြားက ဖြစ်တည်လာတဲ့ ချစ်ခြင်းသက်သေ တည်ရှိမှုတွေကြောင့် နာကျင်စရာတစ်ခု ရှိလာတိုင်း တစ်ယောက်ရင်ကို တစ်ယောက်မြင်လာခဲ့တာ ၉လကျော်လို့ ၁၀လ ဆိုတဲ့ အချိန်တောင် ရောက်လာပါပြီ...
အချိန်ကာလ အတိုင်းအတာ တစ်ခုရောက်ခဲ့သော်လည်း ပျော်ရွှင်စရာ၊ နာကျင်စရာတွေ ကြုံလာတိုင်း မောင်နဲ့ကျွန်မ ရင်ကို လှုပ်ခတ်ထိအောင် ခံစားနေရတုန်းပါပဲ...
ကျွန်မ အရမ်းချစ်ရတဲ့ မောင်တစ်ယောက်သာ ရှိနေရင် လူတွေအများကြီး မလိုအပ်တော့ပါဘူး...
ကျွန်မ အရမ်းချစ်ရတဲ့ မောင်တစ်ယောက်သာ ရှိနေရင် အကွာအဝေး ဘယ်လောက်ခြားခြား နားလည်မှုနဲ့ရိုးသားခြင်းသာ ကြိုးစားတည်ဆောက်ပါမယ်လေ...
အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ကို ဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ အချိန်တိုင်းပိုင်ဆိုင်ခွင့် ရနေချင်တယ်ဆိုရင် ဒါလည်း အတ္တကြီးတဲ့ ကျွန်မရဲ့  ချစ်သက်သေတစ်ခုပေါ့နော်...
ကျွန်မစကားတွေ ချွဲနွဲ့ပြီး မပြောတတ်ပါဘူး...ဒါပေမဲ့ မောင့် ဂရုစိုက်မှုတွေကြားမှာတော့ အပြစ်ကင်းတဲ့ ကလေး လေးတစ်ယောက်လို နေချင်တယ်...
ကျွန်မ အချစ်တွေ မောင် မြင်အောင် မပြခဲ့ပါဘူး...ဒါပေမဲ့ မောင့် ရဲ့  အချိန်တိုင်း ပျော်ရွှင်နေမှုအောက်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်တယ်...
ကျွန်မ အချစ်က ပေးဆပ်ဖို့မဟုတ်ဘူး...ဒါပေမဲ့ မောင့် အတွက် နှလုံးသားတစ်ခုလုံးတော့ ပေးအပ်ထားတယ်လေ...
ခံစားချက်ကိုအလေးထားတတ်သူနဲ့ နှလုံးသားလှအောင် ကြိုးစားနေသူနှစ်ဦးရဲ့  ချစ်ခြင်းသက်သေတွေ စုစည်းရာကျွန်မရဲ့ဒိုင်ယာရီလေး ဟောင်းချင် ဟောင်းသွားမယ်၊ နေ့စွဲတွေ ပြောင်းချင် ပြောင်းသွားမယ်...
ရင်ထဲက မောင့်ကို ချစ်တဲ့ ကျွန်မရဲ့  အချစ်တွေကတော့ ပြောင်းလဲ မပြောင်းသွားနိုင်၊ ဟောင်းလည်း မဟောင်းနွမ်းသွားနိုင်ပါဘူး...
“အလိုလားဆုံးဆုတစ်ခုကို တောင်းရရင်တော့ အချစ်ဆုံး မောင် နဲ့ထာဝစဉ် ရှိခွင့်ရချင်ပါတယ်”...
မောင်ရေ...ကျွန်မ ဒိုင်ယာရီလေး ခဏ ဖွင့်ပြလိုက်တယ်နော်...
ဖတ်ဖြစ်အောင်သာ ဖတ်လိုက်ပါ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့