Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 May 2014

သံလမ်းပေါ် ကော်ရှူ၍ အိပ်ပျော်နေသည့် လူငယ်နှစ်ဦး ရထားကြိတ်ခံရ

 ကော်ဗူးရှူကာ ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသည့် လူငယ်နှစ်ဦးကို ရထားကြိတ်မိသဖြင့် တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ပြည် မီးရထား ရဲစခန်းမှူး ရဲအုပ်အောင်ဝင်းက မေ ၈ ရက်က ပြောသည်။

ဖြစ်ပွားပုံမှာ ထိုနေ့ည(၁၁)နာရီအချိန်က ပြည်ဘူတာတွင် ပြည်မှရန်ကုန်သို့ ထွက်ခွာမည့် အမြန်ရထား၏ တွဲဆိုင်းများကို တွဲရွှေ့မှုများ ပြုလုပ်ခဲ့ရာ စက်ခေါင်းအမှတ် DF -1221 သည် မိုင်တိုင်အမှတ် (၁၆၁)၊ ဂိတ် တံခါး (၁) နှင့်(၂)အကြား သံလမ်းအမှတ်(၂) ပတ္တမြား ခြံဘေးအရောက် အိပ်ပျော်နေသူနှစ်ဦးကို ကြိတ်မိ ခြင်း ဖြစ်သည်။


“ကလေးတွေက ကော်ရှူပြီး အိပ်ပျော်နေတဲ့အချိန် ရထားလာတယ် မလာဘူးဆိုတာ မသိ လိုက်နိုင်ဘူး။ တစ်ဦးက ခါးလယ်ကို ဖြတ်ကြိတ်ခံလိုက်ရတယ်။ နောက်တစ်ဦးက ပေါင်နဲ့ ခြေသလုံးကို ကြိတ်ခံရတယ်။ တစ်ယောက်က ကော်ဘူးကို လက်ထဲမှာ ဆုပ်ကိုင်ထားတာ” ဟု မီးရထားစခန်းမှူး ရဲအုပ် အောင်ဝင်းက ဆိုသည်။


ရထားကြိတ်ခံရသူများမှာ ပြည်မြို့ဘက်တန်းလမ်း၊ ရွာဘဲရပ်ကွက်နေ အသက်(၁၆) နှစ်အရွယ် ကျော်မြင့်ဌေး ၀ဲဘက်ပေါင်ရင်းမှ ခြေသလုံးအထိ ကြေမွကျိုးပဲ့ ဒဏ်ရာများ၊ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ဒုတိယလူငယ်မှာ ပြည်မြို့၊ ခေတ္တရာမြို့သစ်နေ အသက်(၁၇)နှစ်အရွယ် စိုးမင်းထွန်း ယာဘက်ခြေသလုံး ပြတ်ဒဏ်ရာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် လူနာအဖြစ် ဆေးကုသနေရသည်။

လူငယ်နှစ်ဦးသည် စက်ဘီးဆိုင်ကယ် ဘီးဖာရာတွင် အသုံးပြုသည့် TV LR SPECIAL ADHESIVE စာ တန်းတံဆိပ်ပါ အ၀ါရောင်ကော်ဘူးကို ရှုရှိုက်ကာ အိပ်မောကျနေသဖြင့် ရထားအကြိတ်ခံရသည်ဟု မီး ရထားဌာနက မှတ်ချက်ပြုထားသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့မီးရထားရဲစခန်းတွင် သေမှုသေခင်းအမှတ် ( ၁/ ၂၀၁၄)ဖွင့်လှစ်ကာ ၎င်းအမှုကို ရဲအုပ်အောင်ဝင်းက စစ်ဆေးဆောင်ရွက်နေသည်။


“ကော်ရှူတာနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းထားတာလဲမရှိဘူး။ ရဲကလည်း အသက်မပြည့်တဲ့ ကလေးတွေ ကို ဖမ်းလို့မရဘူး။ သုံးစွဲတဲ့လူကိုယ်တိုင်က ဖြတ်ချင်တာတောင် ဖြတ်ပေးမဲ့ဆေးခန်းတွေ မရှိဘူး။ နည်း ပညာလည်း မရှိဘူး။ အကျိုးသက်ရောက်မှု ပြင်းထန်ပြီး လူကိုသေလောက်တဲ့အထိ ဖြစ်လာပြီ။ ဒါနမူနာ ပေးလိုက်တာပဲ” ဟု ကရုဏာလက်များ ကွန်ရက်တည်ထောင်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေး က ပြောသည်။


လွန်ခဲ့သောသုံးလခန့်က ကရုဏာလက်များကွန်ရက် လေလွင့်ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ လူငယ်များကော်ရှုခြင်းနှင့် ပတ်သက်ပြီး ကော်ဘူးအရောင်းဆိုင်များကို “လူငယ်များအား ကော်ဗူးမရောင်းရန်” ပညာပေး ကွင်းဆင်းခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။


ရေခဲ (ပြည်)

Mizzima - News in Burmese

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့