Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 May 2014

“နွေဦးရဲ့ရင်ခွင်ထဲမှာ မျက်ရည်တွေနဲ့အိပ်စက်ခဲ့ဖူးတယ်”

“နွေဦးရဲ့ရင်ခွင်ထဲမှာ မျက်ရည်တွေနဲ့အိပ်စက်ခဲ့ဖူးတယ်”
တနင်္ဂနွေနေ့မို့ အလုပ်ပိတ်ပြီးအိမ်မှာတစ်ယောက်တည်းအေးအေးဆေးဆေးအနားယူရင်း
သီချင်းနားထောင်ပြီး စာအုပ်တစ်အုပ်ကိုစိတ်ဝင်စားစွာဖတ်နေရင်း.....
“ဟေးး သင်္ကြန်ရောက်ပြီကွ”တဲ့
ဘေးအိမ်ကကလေးတွေအော်ဟစ်ပြီးပြေးလွှားသွားကြတယ်။ လက်ထဲမှ စာအုပ်ကိုချရင်း မျက်ဝန်းအစုံကိုမှိတ်ချလိုက်တော့ မျက်ရည်စက်တွေပါးပြင်ထက်စီးဆင်းလို့လာသည်...။
အတိတ်ဆိုး....
အိပ်မက်ဆိုး....တွေပါလေ...။
ဟုတ်ပါတယ် ကျွန်မဘ၀အတွက်အတိတ်ဆိုးတစ်ခုပါပဲ အတာတန်ခူး နွေဦးသင်္ကြန်ရယ်။ထပ်မလာပါနဲ့......ထပ်မခြောက်လန့်ပါနဲ့ သင်္ကြန်အိပ်မက်ဆိုးရယ်.....။
ထပ်ရောက်လာပြန်ပြီ ကို......။ သံစဉ်သိပ်ကြောက်တဲ့ သင်္ကြန်ထပ်ရောက်လာပြန်ပြီ။ သံစဉ်ဘယ်မှာပုန်းရှောင်နေရမလဲ ကိုရယ်...။
သင်္ကြန်ကိုသံစဉ်သိပ်မုန်းတယ်......သင်္ကြန်မရောက်ချင်ဘူးကိုရယ်.....။အဲ့ဒီနေ့ရက်လေးကို ထုတ်ပစ်လိုက်ချင်တယ်......။
။           ။              ။
ဟိုးအတိတ်တုန်းက ကိုနဲ့သံစဉ်ရဲ့အိပ်မက်တွေဟာ သိပ်ကိုလှပလွန်းတယ်......။ စိတ်ကူးယဉ်တာမဟုတ်ပေမယ့် ကိုနဲ့သံစဉ်ဟာ တစ်ချိန်မှာပေါင်းဖက်ကြရမှာပဲလို့ လူတိုင်းကချီးမွမ်းခဲ့ကြရလောက်အောင် ကိုနဲ့သံစဉ်က ၀ါသနာခြင်းတူ၊အိပ်မက်ခြင်းတူ၊မျှော်လင့်ချက်ထားပုံခြင်းကလဲအတူတူပဲလေ..။
ပြီးတော့သင်္ကြန်ဆိုတာကိုချစ်ပုံခြင်းလဲတူခဲ့တယ်။ကိုပြောဖူးခဲ့တယ်နော်...
“သံစဉ်လေး ကိုပြောပြမယ်...သင်္ကြန်ဆိုတာနှစ်ဟောင်းကိုဆေးကြောပြီး....နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားအင်အသစ်တွေရယူတာ”လို့ကိုပြောခဲ့တယ်
နှစ်တိုင်းကိုနဲ့သံစဉ် သင်္ကြန်လျှောက်လည်ကြတယ်။ သူငယ်ချင်းတွေနဲ့စုစည်းပြီး အတူတူလျှောက်လည်ကြတယ်လေ....။
ထူးထူးဆန်းဆန်းဒီနှစ်တော့ ကိုကပြောတယ်
“သံစဉ်လေး”
“ရှင် ကို”
“ဒီနှစ် ကိုတို့သင်္ကြန်လျှောက်မလည်ပဲနေရအောင်”
“ဘယ်လို ဒီနှစ်သင်္ကြန်လျှောက်မလည်တော့ဘူး ဟုတ်လားကို”
“အင်းဟုတ်တယ်”
“ဟာ ဘာဖြစ်လို့လဲကိုရဲ့ သူငယ်ချင်းတွေကအတူတူလျှောက်လည်ဖို့အစီအစဉ်ဆွဲထားပြီးပြီ”
“ဟုတ်တယ် ကိုတို့ဒီနှစ်သင်္ကြန်လျှောက်မလည်ပဲနဲ့ အိမ်မှာပဲနေမယ်၊ဒီနှစ်သင်္ကြန်လုံးဝမလည်ဘူး”
“ကိုကလဲကွာ သံစဉ်ကလျှောက်လည်ပါမယ်ဆိုမှ”
“မရဘူးကွာ ကိုမပါပဲသံစဉ်လျှောက်မလည်ရဘူး၊ကို့ပြောစကားနားထောင်ပါ”
“ကိုပြောတဲ့စကားသံစဉ်ကနားထောင်မယ်ဆိုရင် ကိုကသံစဉ်ကိုဘာဆုချမှာလဲ”
“ကိုတို့လက်ထပ်ကြမယ်လေ သံစဉ် ကိုတို့ဘ၀တစ်ခုကိုတည်ထောင်ကြရအောင် ကလေးမဆန်ပဲနဲ့ရင့်ကျက်သင့်ပြီ သံစဉ်လေး”
“တကယ် သံစဉ်တို့လက်ထပ်ကြမယ်ပေါ့ ဟားးးဝမ်းသာလိုက်တာကိုရယ် Good News ပဲ မာမီနဲ့ဒယ်ဒီကိုလည်းသွားပြောရဦးမယ် စိတ်ချကို ဒီနှစ်သင်္ကြန်ဘယ်မှမလည်ဘူး”
“အိုကေ...သံစဉ်လေးကို ကိုယုံတယ်၊ ကဲ ကိုပြန်တော့မယ်၊ ညမှဖုန်းခေါ်လိုက်မယ်”
“ဟုတ် ကို”
“အာဘွားပေးဦးလေ အလိုက်မသိဘူး ကိုယ့်ချစ်သူကို”
“အယ် ဟုတ် အာဘွား”
“အင်း၊ကျေနပ်ပြီ ကိုပြန်တော့မယ်”
“ဟုတ်”
သံစဥ့်နဖူးထက်အနမ်းဖွဖွခြွေရင်း ကိုထွက်သွားသည်။
ဒီလိုနဲ့သင်္ကြန်ရက်တွေတစ်ရက်ပြီးတစ်ရက်ပြီးဆုံးလာခဲ့ပါပြီ။ ကိုနဲ့သံစဉ်ကတော့အိမ်တွင်းပုန်း ဖြစ်မှန်းမသိဖြစ်နေခဲ့သည်။ ဒါပေမယ့်သံစဉ်ပျော်ပါတယ်။ ကို့ကိုမမြင်တွေ့ရတာပဲရှိတာ တစ်ချိန်လုံးကိုနဲ့ဖုန်းပြောနေတာပဲလေ။ မနက်ကနေညအထိ ထမင်းစားရင်းနဲ့တောင်ဖုန်းပြောကြသည်။ ညအိပ်ရာဝင်ခါနီးလေးမှဖုန်းချတာလေ။
မနက်ဖြန်ဆိုသင်္ကြန်ပြီးပြီ။ကိုကလည်း သံစဥ့်တို့မင်္ဂလာပွဲအတွက်ကြိုတင်ဖိတ်စာရိုက်ထားပြီးပြီတဲ့လေ.....။ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ကိုလည်းနော်။
ညနေခြောက်နာရီထိုးတော့ကိုကဖုန်းဆက်တယ်။
“သံစဥ့်ကိုအရမ်းလွမ်းနေပြီ ကိုသံစဉ်ကိုလာတွေ့မယ်အိမ်ရှေ့မှာထွက်စောင့်နေနော်”
သံစဉ်အ၀တ်အစားတွေရွေးဝတ်ပြီးလှလှပပလေးပြင်ကာအိမ်ေ၇ှ့ထွက်စောင့်နေလိုက်သည်။ ကို့ကိုလည်းသံစဉ်အရမ်းလွမ်းနေရပြီလေ...။ကိုနဲ့တစ်ခါမှမခွဲဖူးတာကြောင့်ထင်တယ်...။ အခုလိုပြန်တွေ့ရမယ်ဆိုတော့ သံစဉ်အရမ်းရင်ခုန်နေရပြီ။
“ဟော ကိုလာပြီ”
ကိုကသံစဥ့်ကိုအပြေးလေးထွေးဖက်ထားပါတယ်။ ကို့ရဲ့လက်တွေတင်းကျပ်လွန်းပါတယ်။ သံစဉ်လည်းကို့ကိုပြန်သိုင်းဖက်လိုက်တယ်။
“အရမ်းလွမ်းတာပဲ သံစဉ်လေးရယ်”
“အတူတူပါပဲ ကို”
နှစ်ဦးသားစကားခွန်းတွေထဲမှာ အလွမ်းတွေမွတ်သိပ်စွာပျော်ဝင်နေကြသည်။
“ကိုတို့အမြန်ဆုံးနီးစပ်အောင် ကြိုးစားကြမယ်နော်သံစဉ်နဲ့မခွဲချင်တော့ဘူး”
“အတူတူပါပဲ ကို”
“ဟာ ဒီစကားတစ်ခွန်းပဲတတ်တယ်ပေါ့”
“ကိုကလဲ မဟုတ်ပါဘူး ကိုနဲ့ထပ်တူထပ်မျှခံစားနေရတယ်လို့ပြောတာပါ၊ဟွန့်သူများကို”
“စိတ်မကောက်ပါနဲ့ ကိုပြန်သွားရတော့မယ်၊မေမေနဲ့ဖေဖေ့ကိုခဏလေးလို့    ပြောပြီးထွက်လာတာ။ကဲ အိမ်ထဲဝင်တော့ နှုတ်ဆက်အနမ်းလေးပေးသွား”
“အင်း ဂရုစိုက်ပြန်နော်ကို ခေါင်းလေးနည်းနည်းငုံလေ”
အရပ်ရှည်သောကို့အရပ်ကိုသံစဉ်မမှီသောကြောင့် ခြေဖျားလေးထောက်ကာ ကို့မေးဖျားလေးကို မော့နမ်းလိုက်သည်။ ကိုကသံစဥ့်နဖူးလေးထက်မှာပဲအနမ်းခြွေကာ
“ကိုပြန်တော့မယ်နော်”
“ဟုတ်”
ထူးထူးဆန်းဆန်း ဒီနေ့မှသံစဉ် ကို့ကိုလက်ပြနှုတ်ဆက်ချင်မိသည့်စိတ်တွေပေါ်လာရသည်။ ကိုကလည်းသံစဉ်ကိုလက်ပြနှုတ်ဆက်နေတုန်း ဟွန်းသံအဆက်မပြတ်တီးနေသော ကားမီးရောင်လင်းခနဲထိုးကျလာတာကိုသာတွေ့လိုက်ရပြီးေ၇ှာင်ချိန်မရလိုက်တာက ကိုဖြစ်နေသည်။
“ကို”
“ဒုန်း”
သွားပြီ။ကို.....နှုတ်ခမ်းတွေတဆတ်ဆတ်တုန်ရီလာပြီး ဒူးခွေပျော့သွားရသည်။ ကိုရယ်.....ဒီလိုနဲ့သံစဥ့်ကိုနှုတ်ဆက်ထားသွားပြီလား......။ဟင့်အင်း ဟင့်အင်း။ သံစဉ်မချန်နေရစ်ခဲ့ဘူးနော်ကို......သံစဉ်ကိုထားမသွားဘူးဆို.....သံစဉ်ကိုမချိန်ထားရစ်ခဲ့ဘူးဆို သံစဥ့်တစ်ယောက်ထဲကိုစိတ်မချဘူးဆို.....ဟင့်အင်း
သံစဉ်မျက်လုံးတွေအမှောင်ကျသွားသလိုပဲ။အာရုံထဲမှာဘာဆိုဘာမှမမြင်နိုင်လောက်အောင်ပဲ    မှောင်မိုက်သွားရသည်...သံစဥ့်ကိုပါခေါ်သွားပါကို......ကိုသွားမယ်ဆိုရင်သံစဥ့်လက်ကိုမလွတ်စတမ်းခေါ်သွားပါကို။
သံစဉ်ကိုချန်မထားခဲ့ပါနဲ့နော်.......ကို။
။            ။              ။
“သမီး၊ သမီးလေးသံစဉ်”
အိပ်မက်ဆိုးကနေသံစဉ်လန့်နိုးလာရပြန်ပြီကို။မျက်လုံးဖွင့်ကြည့်လိုက်တော့မေမေဖြစ်နေတယ်။
“ထပ်ပြီး ငိုနေပြန်ပြီလား သမီးရယ်...”
“မေမေ၊ကို ဆုံးသွားတာ၅နှစ်ပြည့်တော့မယ်နော်...”
“သမီးရယ်....”
“သမီးအရမ်းမုန်းတဲ့သင်္ကြန်ထပ်ရောက်လာပြန်ပြီမေမေ။ သမီးအရမ်းမုန်းတယ်။
သင်္ကြန်ဆိုတာကိုသမီးအရမ်းမုန်းတယ်။”
“သမီးရင်ထဲကအမုန်းတွေကိုလျှော့လိုက်ပါကွယ်။သေခြင်းဆိုတာရှောင်ကွင်းလို့မှမရတာ သမီးရယ်......။”
“ဟင့်အင်းတကယ်ဆို ကိုမသေသင့်သေးဘူးမေမေရယ်...။ ကိုမသေသင့်သေးဘူးမေမေ”
“ဟုတ်ပါတယ်သမီးရယ်...ဒါပေမယ့်လည်းစိတ်ကိုလျှော့ထားပါကွယ်နော်”
“ကိုသာရှိနေမယ်ဆိုရင် ဒီလိုနွေဦးရဲ့ရင်ခွင်ထဲမှာ သမီးမျက်ရည်တွေနဲ့အိပ်စက်မနေရပါဘူး မေမေ.......”
ဟုတ်တယ်ကို......။ကိုသာရှိနေခဲ့ရင် ဒီလိုနွေဦးမှာ ကို့ရင်ခွင်လေးထဲမှာ သံစဉ်မှေးစက်နားခိုနေရမှာလေ......။ကိုမရှိခဲ့လို့........။ကိုမရှိတော့လို့။ဒီလို.....
နွေဦးရဲ့ရင်ခွင်မှာ မျက်ရည်တွေနဲ့အိပ်စက်ခဲ့ရတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့