*****************************************
ကျောက်ခေတ်မှ ယနေ့ အာကာသခေတ်တိုင်အောင် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ မွေးရာပါ ဘ၀ဆန္ဒ ငါးမျိုးကို ဖြည့်ဆည်းပေးရန်အတွက် ဒြပ်ရှိ ပစ္စည်းဝတ္ထုများ၊ ဒြပ်မဲ့ အသိပညာနှင့် အတတ်ပညာများကို လူတို့သည် ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် တီထွင်ကြံဆ၍ ဖော်ထုတ်ခဲ့ကြ၏ ။ ထိုပစ္စည်းဝတ္ထုများသည် တစ်ခေတ်ထက်တစ်ခေတ် ပို၍ပို၍ ပြည့်စုံလာကြ၏ ။ သို့ဖြစ်လေရာ ထိုပစ္စည်းဝတ္ထုများကို လူတို့အား ရသင့်ရထိုက်သလို မှန်ကန်စွာ ခွဲဝေပေးနိုင်ရန် ဒေသအသီးသီး၌ ခေါင်းဆောင်အသီးသီးတို့ ပေါ်ပေါက်ခဲ့ကြ၏ ။ ထိုခေါင်းဆောင် အသီးသီးတို့ကလည်း မိမိတို့၏ ဆိုင်ရာဆိုင်ရာ ဒေသရှိ လူသားတို့အား ခေတ်အလိုက် ထွက်ပေါ်လာသော ဒြပ်ရှိ၊ ဒြပ်မဲ့ ပစ္စည်းဝတ္ထုများကို ခွဲဝေပေးကြပါ၏ ။
သို့ရာတွင် ဒေသတစ်ခုနှင့်တစ်ခု ခွဲဝေပေးပုံစနစ်ချင်း မတူ။ အချို့ဒေသတွင် ပြည့်စုံသူများက ရသင့်သည်ထက် ပို၍ရသော စနစ်ကို ကျင့်သုံး၏ ။ ယင်းစနစ်ကို အရင်းရှင်စနစ်ဟု ဆို၏ ။ အချို့ဒေသတွင် မပြည့်စုံသူများကို ဦးစားပေး၏ ။ ယင်းစနစ်ကို ကွန်မြူနစ် သို့မဟုတ် ဆိုရှယ်လစ်စနစ်ဟု ဆို၏ ။ အချို့ဒေသတွင်မူ ခေါင်းဆောင်လုပ်သူက သူထင်သလို စီမံခန့်ခွဲ၏ ။ ယင်းစနစ်ကို သက်ဦးဆံပိုင်၊ ပဒေသရာဇ်၊ အာဏာရှင်စနစ် ဟူ၍ သင့်သလို ဆိုကြ၏ ။
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း၊ တိုင်းပြည်တိုင်းတွင် ခေါင်းဆောင်များ ရှိကြပါ၏ ။ ထိုခေါင်းဆောင်များသည် မိမိတို့ တိုင်းပြည်ရှိ နိုင်ငံသူ၊ နိုင်ငံသားများ၏ မွေးရာပါ ဘ၀ဆန္ဒငါးမျိုးကို ပြည့်ဝအောင် ဆောင်ရွက်ပေးရန် အားထုတ်ကြ၏ ။ ထိုသို့ အားထုတ်ရာတွင် အရမ်းကာရော လမ်းညွှန်မဲ့အနေဖြင့် အားထုတ်ကြရသည်တော့ မဟုတ်။ မွေးရာပါ ဘ၀ဆန္ဒငါးမျိုးကို ပြည့်ဝအောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းညွှန်ချက် အနေဖြင့် ထိုထိုပညာရှင်များက ပြုစုခဲ့သော ဆိုင်ရာဆိုင်ရာ ကျမ်းဂန်များ ရှိကြ၏ ။
ခေါင်းဆောင်များသည် ထိုကျမ်းဂန်များ၏ လမ်းညွှန်ချက်ကို မိမိတို့၏ ဘ၀အတွေ့အကြုံများနှင့် နှီးနှောကာ မိမိတို့နိုင်ငံသားများ၏ မွေးရာပါ ဘ၀ဆန္ဒများ သို့မဟုတ် ဘ၀၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက်ကြ၏ ။ သို့ဆောင်ရွက်ကြသော်လည်း နိုင်ငံတိုင်းရှိ လူတိုင်းသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့ဖြင့် ဒြပ်ရှိ ဒြပ်မဲ့ ပစ္စည်းဝတ္ထုများကို မိမိတို့၏ ဆန္ဒအလျောက် ကျေနပ်စွာ ခံစားခွင့် မရခဲ့ကြကြောင်း တွေ့ရ၏ ။
သို့ဖြစ်လျှင် “မည်သို့သော ချွတ်ယွင်းချက်ကြောင့် ဖြစ်လေသနည်း” ဟု စူးစမ်းသင့်ပါ၏ ။ ထိုသို့ စူးစမ်းသောအခါ ၀ိဇ္ဇာ= ‘အသိ’ နှင့် စရဏ= ‘အကျင့်’ တို့ အချင်းချင်း ညီညွတ်မှု မရှိခြင်း၊ ကာယကံရှင်ဖြစ်သော ခေါင်းဆောင်ပိုင်းနှင့် လက်အောက်ခံပိုင်း ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ၀ိဇ္ဇာနှင့်စရဏတို့ အပြည့်အ၀ ဖြစ်ပေါ်မှု မရှိခြင်းတို့သည် ကြီးစွာသော ချွတ်ယွင်းချက်ဖြစ်ကြောင်း တွေ့ရပါ၏ ။
ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရေးနှင့် ပတ်သက်သော အသောကကျောက်စာ၌ ဖော်ပြထားသည့်အတိုင်း ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားများသည် လူတို့၏သန္တာန်၌ ခိုင်မာသော ကိုယ်ကျင့်တရားများကို တည်ဆောက်ပေးသည့်အပြင်၊ မှန်ကန်သော အသိအမြင်ကိုလည်း ရရှိစေရန် သင်ကြားပေးကြပေသည်။ ဒဿနစာပေများသည်လည်း ထိုနည်းအတူ ကိုယ်ကျင့်တရားနှင့် အသိပညာကို ရရှိစေပါ၏ ။ အိန္ဒိယ သူတော်စင် ‘ရှရီအော်ရိုဗင်ဒို’ က ဒဿနသဘောမပါသော ဘာသာတရားသည် ဥပါဒါန်သဘောရှိ၍ လူ့ဘ၀တိုးတက်မှုနှင့် ဗောဓိဉာဏ်၏အန္တရာယ်ကို ဖြစ်စေပြီး၊ ဘာသာတရားသဘောမပါသော ဒဿနသည်လည်း ဘ၀အတွက် အကျိုးထူး တစ်စုံတစ်ရာကို ဖြစ်ပေါ်စေနိုင်ခြင်း မရှိဟုဆိုကြောင်း The Study of Religions အမည်ရှိ စာအုပ်၌ ဖော်ပြထား၏ ။ ဘာသာတရားဆိုင်ရာ စာပေများနှင့် ဒဿနစာပေများသည် ၀ိဇ္ဇာနှင့်စရဏကို လူတို့၏ သန္တာန်၌ ဖြစ်ထွန်းပေါ်ပေါက်စေကြောင်း ဆိုခြင်း ဖြစ်၏ ။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားများနှင့် ဒဿနစာပေများ၏ လမ်းညွှန်မှုကို ခံယူပြီး နိုင်ငံတော်ရှိ လူသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ကြခြင်း ဖြစ်သည်ဟု အချို့ပုဂ္ဂိုလ်များက ဆိုကြ၏ ။ သို့သော် တကယ့်လက်တွေ့တွင်မူ ထိုပုဂ္ဂိုလ်တို့၏ အသိနှင့်အကျင့်သည် အချင်းချင်း ညီညွတ်မှု မရှိကြပါ။ “ရန်သူအပေါ်မှာ မေတ္တာထားပါ၊ သင်၏ ဘယ်ဘက်ပါးကိုရိုက်လျှင် သင်၏ ညာဘက်ပါးကို ထိုးပေးပါ” ဟု ခရစ်တော်က သင်ကြားပေးသော်လည်း မိစ္ဆာဒိဋ္ဌိ စွဲချက်ဖြင့် ရှေးဦး သိပ္ပံပညာရှင်များသည် အသတ်ခံရကြောင်းကို လည်းကောင်း၊ ဘာသာရေးကို အကြောင်းပြု၍ ရက်စက်စွာ သတ်ဖြတ်ကြသော ‘ကရူးဆိဒ်’လို ဘာသာရေးစစ်ပွဲမျိုး ဖြစ်ပွားခဲ့ကြောင်းကို လည်းကောင်း ကမ္ဘာ့သမိုင်းစာအုပ်များ၌ ဖတ်ရှုရ၏ ။
ဗုဒ္ဓဘာသာစာပေများ၌လည်း တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းတတ်သော ယုတ်မာမှု အားလုံးတို့၏ တရားကိုယ် ‘အတ္တ’ ကို ပယ်သတ်ရန် သင်ကြားကြပါ၏ ။ သို့သော် လက်တွေ့တွင်မူ အတ္တကို မသတ်သည့်အပြင် အတ္တကို ပွားစီးသည်ထက် ပွားစီးအောင် ဆောင်ရွက်နေကြသည်ကို တွေ့ရ၏ ။ တဏှာဖြင့် အတ္တကို စွဲလမ်းမိသောအခါ မည်သူမဆို ခေါင်းဆောင်ဖြစ်ဖြစ်၊ ငယ်သားဖြစ်ဖြစ် မိမိကိုယ်ကိုသာ ဤလောက၌ ချစ်စရာ အကောင်းဆုံးဟု သတ်မှတ်၏ ။ ထိုအခါ မိမိ၏ ခန္ဓာကိုယ်ကို သက်သာအောင်ထား၏ ။ အချောင်ခို၏ ။ အခွင့်အရေးဟူသမျှကို မိမိအတွက် မရမနေ ယူ၏ ။ အနည်းငယ်မျှ အနစ်နာမခံ။ ဤသည်မှာ တဏှာဖြင့် စွဲလမ်းသော အတ္တ၏သဘော ဖြစ်၏ ။
မာနဖြင့် အတ္တကို စွဲလမ်းသောအခါ ဘ၀င်မြင့်၏ ။ မိမိသည်သာလျှင် အတော်ဆုံး၊ အတတ်ဆုံးဟု ထင်၏ ။ အရာရာတိုင်း၌ မိမိကိုယ်ကို “စံ” အဖြစ် ထား၏ ။ အမျိုးဘာသာ သာသနာကို ချစ်ရာ၌လည်း မိမိလောက် အခြား ဘယ်သူမျှ မချစ်ဟု ယူ၏ ။ ထိုအခါ ဣဿာ မစ္ဆရိယ သဘောသည် အလိုအလျောက် ၀င်လာ၏ ။ လူတန်းစားခွဲ၍ မြင်၏ ။ နိမ့်ကျသူများနှင့် ဆက်ဆံရန် ၀န်လေး၏ ။ ဤသည်မှာ မစ္ဆရိယ သဘောဖြစ်၏ ။ မိမိထက် တော်သည်ဟု ကြားရလျှင် နားကြားပြင်းကတ်၏ ။ မခံမရပ်နိုင် ဖြစ်၏ ။ ဤသည်မှာ ဣဿာ၏ သဘောဖြစ်၏ ။
ဒိဋ္ဌိဖြင့် အတ္တကို စွဲလမ်းသောအခါ မိမိကိုယ်ကို အခိုင်အမာဟု သတ်မှတ်၏ ။ ပတ်ဝန်းကျင်က မိမိကိုသာ အားကိုးစေလို၏ ။ မိမိကို ဦးဆောင်သူအဖြစ် မှတ်ယူစေလို၏ ။ မိမိ မရှိလျှင် မဖြစ်ဟု သဘောထားစေလို၏ ။ မိမိသည်သာ အရာရာတိုင်း၏ဗဟို၊ မိမိသည်သာ အရာရာတိုင်း၏ အချက်အချာ ဖြစ်သည်ဟု ယုံကြည်၏ ။ ယုံကြည်သည့်အတိုင်းလည်း စွဲလမ်း၏ ။ ဤသည်မှာ ဒိဋ္ဌိဖြင့် စွဲလမ်းသော အတ္တ၏သဘော ဖြစ်၏ ။
ဤချွတ်ယွင်းချက်မှာ ၀ိဇ္ဇာနှင့်စရဏတို့၏ အချင်းချင်း မညီညွတ်မှုကြောင့် ဖြစ်ပေါ်လာရသော ချွတ်ယွင်းချက် ဖြစ်၏ ။ ဤချွတ်ယွင်းချက်ကြောင့် ခေါင်းဆောင်လုပ်သူများကလည်း မိမိနိုင်ငံအတွင်းရှိ နိုင်ငံသားတို့၏ မွေးရာပါ ဘ၀ဆန္ဒများကို ဖြည့်ဆည်းရာ၌ ကျေနပ်မှု ရရှိအောင် မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ၏ ။ အမှန်အားဖြင့် ခေါင်းဆောင်လုပ်သူသည် ငယ်သားများထက် အသိ(၀ိဇ္ဇာ) ရေးရာ၌လည်း ပိုသင့်၏ ။ အကျင့်(စရဏ) ရေးရာ၌လည်း ပိုသင့်၏ ။ အသိနှင့်အကျင့်သည် ငွေစက္ကူတစ်ရွက်၏ ခေါင်းနှင့်ပန်းလို တစ်ခုမရှိလျှင် အသုံးပြု၍ မရသည့် သဘောဖြင့် အချင်းချင်း လိုက်လျောညီထွေ ရှိသင့်ပါ၏ ။ သို့မဟုတ်ဘဲ ခေါင်းဆောင်လုပ်သူများသည် မိမိတို့၏ လမ်းညွှန်ကျမ်းများက ညွှန်ကြားထားသည့်အတိုင်း အသိပိုင်းကိုသာ ယူပြီး အကျင့်ပိုင်းကို မယူဘဲ မိမိတို့ ထင်သလို မိမိနှင့် မိမိ၏ အသိုက်အ၀န်းအတွက်သာ ရနိုင်သမျှ အခွင့်အရေး အားလုံးကို ခံစားနိုင်အောင် ဆောင်ရွက်ပေးပြီး အခြားနိုင်ငံသားများအတွက်မူ ၀တ်ကျေတန်းကျေ သဘောမျိုးထားကာ မညီမမျှ အဂတိဓမ္မဖြင့် ဆောင်ရွက်ပေးမည်ဆိုပါလျှင် ထိုခေါင်းဆောင်မျိုးသည် အဓမ္မခေါင်းဆောင်မျိုးသာ ဖြစ်ပေလိမ့်မည်။ ထိုနိုင်ငံသည်လည်း စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းကို ကြိတ်မှိတ်ခံစားနေရရှာသော နိုင်ငံသူ၊ နိုင်ငံသားတို့ မှီတင်းနေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ်က ငရဲပြည်တစ်မျိုးသာ ဖြစ်ပေလိမ့်မည်။
အသောကမင်းကြီး ကျောက်စာရေးထိုးခဲ့သည့်အတိုင်း အားလုံးသော အယူဝါဒရှင်များသည် လောက၏ အစီးအပွားအတွက် မိမိတို့မှာ ဒေသနာများ၊ ကျမ်းဂန်များဖြင့် ၀ိဇ္ဇာကိုလည်း ပေးပါ၏ ။ စရဏကိုလည်း ပေးပါ၏ ။ သို့ရာတွင် ထိုထိုဝါဒရှင်များကိုယ်တိုင် မည်မျှလောက်သော အတိုင်းအတာအထိ ၀ိဇ္ဇာကို သိပါသနည်း။ မည်မျှလောက်သော အတိုင်းအတာအထိ စရဏကို ကျင့်ပါသနည်း။ ထိုထိုဝါဒရှင်များ သင်ကြားပြသပေးခဲ့သော ၀ိဇ္ဇာနှင့်စရဏသည် လောက၏အစီးအပွားအတွက် မည်မျှလောက်သော အတိုင်းအတာအထိ အသုံးကျပါသနည်း။ ဤမေးခွန်းများသည်လည်း မေးထိုက်သော မေးခွန်းများပင် ဖြစ်၏ ။
ဗုဒ္ဓ၀ါဒရှုထောင့်မှ ကြည့်၍ ယင်းမေးခွန်းများကို ဖြေရလျှင် ထိုထိုဝါဒရှင်များသည် ကိလေသာတန်းလန်းနှင့် မိမိမြင်သော ၀ိဇ္ဇာ၊ မိမိကျင့်သော စရဏတို့ကိုသာ ဟောပြောသွန်သင်နိုင်ကြသူများဖြစ်ကြောင်း တွေ့ရပါ၏ ။ ထိုအခါ ထိုထိုဝါဒရှင်များ၏ ၀ါဒများသည် ဘက်လိုက်သော ၀ါဒများသာ ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် ကိလေသာတန်းလန်းရှိနေသော မည်သည့်ဝါဒရှင်မျှ တကယ်တမ်းမှန်ကန်သော ၀ိဇ္ဇာနှင့်စရဏကို ဖော်ထုတ်သွန်သင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ ထိုထိုဝါဒရှင်များအနက် အချို့သည် လောကတစ်ခုလုံးအတွက် ခြုံ၍ ၀ိဇ္ဇာနှင့်စရဏကို သွန်သင်ပေးကြခြင်း ဖြစ်နိုင်ပါ၏ ။ သို့ရာတွင် များသောအားဖြင့် အချို့က ဘာသာရေးခေါင်းဆောင်များကို အကာအကွယ် ပေးသောအားဖြင့်လည်းကောင်း၊ အချို့က မင်းစိုးရာဇာများကို အကာအကွယ် ပေးသောအားဖြင့်လည်းကောင်း၊ အချို့က မြေရှင်ပဒေသရာဇ်များကို အကာအကွယ် ပေးသောအားဖြင့်လည်းကောင်း၊ အချို့က အရင်းရှင်များကို အကာအကွယ် ပေးသောအားဖြင့်လည်းကောင်း၊ အချို့က စက်ရုံ၊ အလုပ်ရုံ လုပ်သားများကို အကာအကွယ် ပေးသောအားဖြင့်လည်းကောင်း စသည် စသည်အားဖြင့် ၀ိဇ္ဇာနှင့်စရဏကို သွန်သင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါ၏ ။ ထိုထို ၀ါဒများနှင့် စပ်လျဉ်း၍ လေ့လာသူများကို ကြည့်လျှင်လည်း လေ့လာသူများသည် ကိလေသာတန်းလန်းနှင့် လေ့လာသူများသာ ဖြစ်ကြ၏ ။ ကိလေသာတန်းလန်းနှင့် လေ့လာနေသမျှ ကာလပတ်လုံး အမှတ်မှားမှု၊ အသိမှားမှု၊ အယူမှားမှု တို့ဖြင့်သာ လေ့လာကြရမည် ဖြစ်ရာ၊ ထိုထိုဝါဒများကို သိရာ၌ ထိုပုဂ္ဂိုလ်များ၏ အသိများသည်လည်း မှားယွင်းသော အသိများသာ ဖြစ်ဖို့များလေ၏ ။ ထိုအသိအတိုင်း ကျင့်ရာ၌လည်း မှားယွင်းသောအကျင့်များသာ ဖြစ်ဖို့များလေ၏ ။ သို့ဖြစ်လျှင် ထိုအသိ၊ ထိုအကျင့်ဖြင့် ခေါင်းဆောင်များသည် မိမိတို့နိုင်ငံရှိ နိုင်ငံသားများ၏ မွေးရာပါဘ၀ဆန္ဒများကို မှန်ကန်စွာဖြည့်ဆည်းရန် မည်သို့လျှင် ဆောင်ရွက်နိုင်စွမ်း ရှိပါမည်နည်း။ ထို့ကြောင့် ကိလေသာတန်းလန်းနှင့် ပြုစုထားသော ၀ါဒရှင်များ၏ ဘက်လိုက်သော လမ်းညွှန်မှုများကို ခံယူပြီး ဆောင်ရွက်ကြသော ဆောင်ရွက်ချက်များသည် ဆိုင်ရာဆိုင်ရာ နိုင်ငံသားတို့အတွက် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ဖြစ်ပေါ်စေရန် များစွာပင် ခဲယဉ်းပေလိမ့်မည်။
ဗုဒ္ဓဒေသနာတော်အရ ခန္ဓာသိဟူသည် ပွားခြင်း၊ ကြိမ်ဖန်များစွာ ပြုခြင်း၊ ကိုယ်တိုင်အားထုတ်ခြင်းဖြင့်သာ ရနိုင်သော အသိမျိုးဖြစ်၏ ။ စာပေလေ့လာရုံမျှနှင့် ရနိုင်သော အသိမျိုးမဟုတ်။ စာပေကို လေ့လာဖတ်ရှုလျှင် စာပေကို သိရ၏ ။ ခန္ဓာကို လေ့လာပြီး ရှုမှသာလျှင် ခန္ဓာကို သိရ၏ ။ ခန္ဓာသိကို ရပါမှ မှားယွင်းသော အမှတ်၊ မှားယွင်းသော အသိ၊ မှားယွင်းသော အယူတို့ကို တဖြည်းဖြည်းချင်း ပယ်နိုင်၏ ။ မှားယွင်းသော အမှတ်၊ အသိ၊ အယူတို့ကို ပယ်နိုင်သည်နှင့်အမျှ တဏှာဖြင့်စွဲသော အတ္တ၊ မာနဖြင့်စွဲသော အတ္တ၊ ဒိဌိဖြင့်စွဲသော အတ္တတို့ကိုလည်း ပယ်ပြီးဖြစ်၏ ။ ယုတ်မာမှု အားလုံးတို့၏ တရားကိုယ် အတ္တ ပါးသည်နှင့်အမျှ ကိလေသာများလည်း ပါးကြလေ၏ ။ ထိုအခါမှသာ ၀ိဇ္ဇာနှင့် စရဏတို့သည် အချင်းချင်း လိုက်လျောညီထွေ ရှိနိုင်ကြ၏ ။ အချင်းချင်း လိုက်လျောညီထွေရှိသော ၀ိဇ္ဇာနှင့်စရဏတို့ဖြင့်သာ လူတို့၏ မွေးရာပါ ဘ၀ဆန္ဒများကို မှန်ကန်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပေ၏ ။
မြန်မာနိုင်ငံ၌ ရေခံမြေခံ ဗုဒ္ဓ၏ထေရ၀ါဒ ရှိ၏ ။ ယင်းဝါဒကား ကိလေသာတန်းလန်းနှင့် ဘက်လိုက်၍ ပြုစုထားသော ပုထုဇဉ်တို့၏ ၀ါဒမဟုတ်၊ ကိလေသာ ဟူသရွေ့ အကြွင်းမဲ့ ပယ်တော်မူပြီးဖြစ်သော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်၏ ဘက်မလိုက်သောဝါဒ ဖြစ်၏ ။ ထို့ကြောင့် ဘက်လိုက်သော နိုင်ငံခြားဖြစ်ဝါဒများမှ ရရှိသော ၀ိဇ္ဇာနှင့်စရဏတို့ဖြင့် မြန်မာနိုင်ငံသားတို့၏ မွေးရာပါ ဘ၀ဆန္ဒများကို ဖြည့်ဆည်းရန် အားထုတ်မည့်အစား၊ မိမိတို့၏ ရေခံမြေခံဖြစ်သော ထေရ၀ါဒမှ ရရှိသည့် ၀ိဇ္ဇာနှင့်စရဏတို့ဖြင့်သာ မြန်မာနိုင်ငံသားတို့၏ မွေးရာပါ ဘ၀ဆန္ဒများကို ဖြည့်ဆည်းရန် အားထုတ်သင့်၏ ။ ယင်းသို့ အားထုတ်မည်ဆိုလျှင် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို အခြားနိုင်ငံသားများထက် ပို၍ပြည့်ဝစွာ ခံစားရရှိနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လမ်းညွှန်ချက်များ အဖြစ်ဖြင့် မိမိတို့ခံယူကျင့်သုံးသော ၀ါဒချင်းမတူသောကြောင့် ဖြစ်၏ ။
လူမှုဘ၀ကို တည်ဆောက်ရာ၌ ထေရ၀ါဒနှင့် အခြားဝါဒများသည် အချင်းချင်း လမ်းညွှန်ပုံချင်း မတူကြ။ ထေရ၀ါဒက ဤသို့ ညွှန်၏ ။
ရတနသုတ် ပရိတ်တော်၌ “ရောဂမနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ” ဟူ၍ ဤလောက၌ (၁)အနာရောဂါဘေး၊ (၂)လူမဆန်သော ပုဂ္ဂိုလ်တို့၏ အမနုဿဘေး၊ (၃)ငတ်မွတ်ခေါင်းပါးခြင်းဘေး အားဖြင့် ဘေးသုံးမျိုးရှိရာတွင် ယင်းဘေးများမှ လူအပေါင်းတို့ကို ကယ်တင်ရာ၌လည်းကောင်း၊ အမနုဿဘေးမှ ဖြစ်ပေါ်လာသော သောက ပရိဒေ၀ စသော ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်တင်ရာ၌လည်းကောင်း အစဉ်အတိုင်း ဦးစားပေး၍ ကျင့်ရန် သတ်မှတ်ထားသော နည်းသုံးနည်းရှိ၏ ။ ယင်းတို့မှာ -
(၁) မိမိနိုင်ငံ၏ အကျိုးကို ပထမ ဦးစားပေး၍ ကျင့်ရမည် ။
(၂) မိမိအသင်းအဖွဲ့(၀ါ) အသိုက်အ၀န်း၏ အကျိုးကို ဒုတိယ ဦးစားပေး၍ ကျင့်ရမည် ။
(၃) မိမိ၏အကျိုးကို နောက်ဆုံးထား၍ ကျင့်ရမည် ။
ဟူ၍ ခေါင်းဆောင်ကောင်း တစ်ယောက်အနေဖြင့် မိမိ ပါရမီဖြည့်စဉ်က မိမိကိုယ်တိုင် ကျင့်ခဲ့သည့် နည်းများကို မြတ်စွာဘုရား ဖော်ပြထားကြောင်း တွေ့ရ၏ ။ ဤကျင့်စဉ်အရဆိုလျှင် မိမိနိုင်ငံအတွက် မိမိအဖွဲ့အစည်းကို စတေးရမည်။ မိမိအဖွဲ့အစည်းအတွက် မိမိကိုယ်ကို စတေးရမည်။
အမှန်အားဖြင့် ခေါင်းဆောင် လုပ်ကိုင်လိုသူ မည်သူမဆို မိမိ၏အကျိုးကို အများအတွက် စတေးနိုင်ပါမှ အများ၏ အလေးအမြတ်ပြုခြင်း၊ ကြည်ညိုခြင်း၊ ပူဇော်ခြင်း၊ မြတ်နိုးခြင်း တို့ကို ခံယူရရှိပေလိမ့်မည်။
လူတို့၏ မွေးရာပါ ဘ၀ဆန္ဒငါးမျိုးကို ဖြည့်ဆည်းရန် အားထုတ်ရာ၌ အသောကမင်းကြီးသည် ထေရ၀ါဒ၏ လမ်းညွှန်ချက်ကို ခံယူ၍ ဆောင်ရွက်ခဲ့ကြောင်း အရှင်အာဒိစ္စ၀ံသာ၏ အသောကကျောက်စာတော် မြန်မာပြန်စာအုပ်၌ ဖတ်ရှုရ၏ ။ ယောမင်းကြီးဦးဖိုးလှိုင်နှင့် ကနောင်မင်းသားကြီးတို့သည်လည်း မင်းတုန်းမင်းကြီး၏ အားပေးခွင့်ပြုချက်အရ မြန်မာနိုင်ငံကို ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်စေရေးအတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ရေးရာအဖြာဖြာတို့၌ မျက်မှောက်ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင် အားထုတ်ရာတွင် ထေရ၀ါဒ၏ လမ်းညွှန်ချက်ကို ယူ၍ အားထုတ်ခြင်းဖြစ်ကြောင်း ရာဇဓမ္မသင်္ဂဟကျမ်း၌ ဖတ်ရှုရ၏ ။ လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ၏ လက်တွေ့အသုံးချ အဘိဓမ္မာတရားတော် စာအုပ်၌ “လူတစ်ယောက်ဟာ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားလည်း ရှိမယ်၊ စဉ်းစဉ်းစားစားလည်း လုပ်တတ်မယ်၊ လုပ်ပုံကိုင်ပုံလည်း မှန်မယ်ဆိုရင် နှစ်သက်ဖွယ် ကောင်းလှပါတယ်” ဟူ၍ ဖော်ပြထားသည်ကို ဖတ်ရှုရ၏ ။
ဒုတိယအကြိမ် ထပ်၍ ဆိုချင်ပါ၏ ။ မြန်မာနိုင်ငံသားတို့၏ မွေးရာပါ ဘ၀ဆန္ဒငါးမျိုးကို ဖြည့်ဆည်းရန် ဆောင်ရွက်ရာတွင် ရေခံမြေခံဖြစ်သော ထေရ၀ါဒအုတ်မြစ်ကို ချ၍ ထေရ၀ါဒ၏ လမ်းညွှန်မှုကို ခံယူပြီး ဆောင်ရွက်ပါက အခြားနိုင်ငံသားတို့ထက် ပို၍ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ခံစားနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း ဟူသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ၌ မတည်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ၌သာ တည်သောကြောင့် ဖြစ်ပါ၏ ။
ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ ဒုစရိုက်အားလုံးမှ အပြီးအပိုင် ရှောင်ကြဉ်နိုင်သော ကိုယ်ကျင့်သီလကို ပညာနှင့်သမာဓိတို့က မိမိတို့နှင့် တစ်ပြိုင်တည်း၊ တစ်ခဏတည်း ယှဉ်ဖက်အဖြစ် ထုတ်ဖော်နိုင်သော မဇ္ဈိမပဋိပဒါ အကျင့်မြတ်သည် ထေရ၀ါဒ၌သာ ရှိပါ၏ ။ အခြားမည်သည့်ဝါဒ၌မျှ မရှိပါချေ။ သို့ရာတွင် ထေရ၀ါဒကို လောကီရေးရာ ဖွံ့ဖြိုးမှုများ၌ သုံး၍မရဟု ဆင်ခြေပေးလိုပါက နိရုတ္တကျမ်းဆရာ ‘ယာသ’၏ “ဤသို့ အသုံးမကျမှုသည် အသုံးမချတတ်သူ၏ အပြစ်တည်း။ ကျမ်းစာ သို့မဟုတ် ၀ါဒ၏ အပြစ်မဟုတ်” ဟူသော အဆိုအမိန့်ကို နာကြားစေလိုပါကြောင်း ဖော်ပြအပ်ပါ၏။
#ဦးရွှေအောင်(ထေရ၀ါဒအုတ်မြစ်….မှ)
No comments:
Post a Comment