Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားခဲ့သူများ ပြောကြား

မုံရွာ၊ ဧပြီ ၂၇

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများနှင့် စီမံကိန်းတာဝန်ရှိသူများ အကြား ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ လက်ပံတောင်းတောင် အရေးကို အလုံးစုံ ပါဝင်၍ ညှိနှိုင်းအဖြေရှာ သင့်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို တက်ကြွစွာဆောင်ရွက်ခဲ့ ကြသူ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းနှင့် ဦးအံ့မောင် တို့က ပြောကြားသည်။

    "နောက်ဆုံးဖြစ်ခဲ့တဲ့ ပြဿနာက တော့ နှစ်ဖက်ထိခိုက်ဒဏ်ရာ ရခဲ့တာပေါ့ နှစ်ဖက်လုံး လက်နက်တွေ မကိုင်သင့်ဘူး၊ ကျွန်မတို့ အခုလှုပ်ရှားမှု မလုပ်ပါဘူး။ လှုပ်ရှားမယ်ဆန္ဒပြမယ် ဆိုရင်လည်း တရားဝင် ဆန္ဒထုတ်ဖော်ခွင့် တောင်းပြီးမှ လုပ်မှာပါ၊ လက်ခံလားဆိုတော့လဲ ဒီစီမံကိန်းကို ရပ်စေချင်တယ်၊ မဖြစ်မနေဆက်လုပ်မယ် ဆိုရင်တော့ ဒေသခံတွေနဲ့ ညှိနှိုင်းစေချင် တယ်။ ညှိနှိုင်းတဲ့နေရာ မှာလည်း ကျေးရွာ၂၆ ရွာ ရဲ့ ဘဝတစ်သက်တာ နောင်လာနောင်သား တွေကို ဘာလုပ်ပေးနိုင်မလဲဆိုတာကို ကျွန်မတို့သိချင်တယ်" ဟု လက်ပံတောင်းတောင် လှုပ်ရှားမှုများကို စတင်ခဲ့သည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။

    ကော်မရှင်က တင်ပြထားသည့် အစီရင်ခံစာ ရှိထားပြီးဖြစ်၍ လက်ရှိ လက်ပံတောင်းဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အားလုံးပါဝင်ပြီး မျက်နှာချင်းဆိုင် ရှင်းသင့်ကြောင်း၊ ယင်းကဲ့သို့ ဖြေရှင်းရာတွင်လည်း တာဝန်ရှိ သူများဘက်မှ တစ်ဖက်သတ်ဆုံးဖြတ်ချက် များ မချမှတ်သင့်ဘဲ မျှမျှတတ ညှိနှိုင်း ဖြေရှင်းသင့်ကြောင်း၊ လက်ရှိလက်ပံတောင်းတောင် ပြဿနာမှာ လက်ရှိအတိုင်း ဆက်သွားမည်ဆိုပါက ဆိုးဝါးလာမည့် အနေအထားတွင်သာ ရှိနေကြောင်း၊ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ၏ နာယကဖြစ်သူ ကဗျာဆရာ ကြီး ဦးအံ့မောင်က ဆိုသည်။

    ဧပြီလ၂၅ရက်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် တစ်ဦးတစ်ယောက်ချင်း မိမိလယ်ယာမြေအတွင်း ထွန်ယက်ပါက ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရသည်အထိ ဖြစ်ပွားမည်မဟုတ်ဘဲ လူအများစုဖြင့် ထွန်ယက်ခဲ့ခြင်းအပြင် ယာမြေပေါ်တွင် ယာစောင့်တဲဆောက်လုပ်ရန် ပြင်ဆင်ရာမှ နှစ်ဖက် အပြန်အလှန်အချင်းများ၍ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်၍ နှစ်ဖက်အမှားဟု မြင်မိကြောင်း လက်ပံတောင်းတောင် အရေးစိတ်ဝင်စားသူ မုံရွာမြို့ခံတစ်ဦးက သုံးသပ်ပြောကြားသည်။

    "လက်ရှိအချိန်ထိ ဒေသခံတွေကို လယ်ယာမြေ လျော်ကြေးတွေပဲပေးမယ်။ အစီရင်ခံစာမှာ ပါတဲ့အတိုင်း လယ်ယာမြေ ဧကတွေချဲ့ထွင်ပေးမယ်၊ မလိုအပ်တဲ့မြေတွေ ပြန်ပေးမယ်ဆိုတာတွေက တိတိကျကျမသိ ရသေးဘူး"ဟု ကြေးနီစီမံကိန်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    လက်ပံတောင်းတောင် ပဋိပက္ခများ မှာ ၂၀၁၂ခုနှစ် ဇွန်လအတွင်းတွင်း ဆန္ဒပြမှုများ စတင်ခဲ့ပြီး ၂၀၁၂ခုနှစ်အတွင်းတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်မှု များ ပြုလုပ်ခဲ့ရာ၂၀၁၂ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့ ညတွင် ရဲတပ်ဖွဲ့က မီးခိုးဗုံးများ အသုံးပြုကာ အင်အားသုံးဖြိုခွဲသဖြင့် ရဟန်း သံယာ အပါးတစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ၂၅ ရက်နေ့ကလည်း လက်ပံတောင်းတောင်၏ တောင်ဘက်ပိုင်း တောင်ခြေဆည်တည်းရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒထုတ် ဖော်သော ဒေသခံများအကြား အပြန်အလှန် အချင်းများမှုများ ဖြစ်ပွားခဲ့ရာ ယင်းတို့အနက်မှ သေနတ်ဒဏ်ရာရသူ အပါအဝင် ဒေသခံသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ဒေသခံများကပြော ကြားသည်။

    "လွတ်တော်ကလည်း မီးစိမ်းပြထားပြီ။ ရွာသားတွေရဲ့ အခုလုပ်ရပ်က မှားတာမှန်တာ အပထား၊ ဥပဒေကိုချိုးဖောက်သူ တွေဖြစ်ကုန်မယ်၊ ချီလီအပါအဝင် တခြားနိုင်ငံတွေ မှာလည်း ကြေးနီစီမံကိန်းတွေ ရှိပေမယ့် ပြည်သူတွေကျေနပ်အောင် လုပ်ပေး လိုက်တော့ ပဋိပက္ခ မဖြစ်သလောက်နည်း သွားတယ်" ဟု လက်ပံတောင်းတောင် အရေး ကိစ္စနှင့်ပတ်သက်၍ “အမိမဲ့သားရေနည်းငါး” ဆောင်းပါးရေးသားခဲ့သူ ဦးဝင်းမျိုးသူက မှတ်ချက်ပေးပြောကြားသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့