
မိုဘိုင်းဖုန်းများကို သက်သာသောဈေးနှုန်းတစ်ရပ်ဖြင့် လာမည့်ဧပြီလတွင် ရောင်းချပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဒီယိုအစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ ““မကြာခင်ကာလမှာ လက်ရှိဆက်သွယ်ရေးအခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ ပေးနိုင်မယ့် မိုဘိုင်းဖုန်းအရေအတွက်ကို သက်သာတဲ့ဈေးနှုန်းတစ်ရပ်နဲ့ လာမည့်ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုကဲ့သို့ ရေတိုအစီအစဉ်များကို ဆောင်ရွက်နေတဲ့နည်းတူ များမကြာမီကာလမှာလည်း ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အစီအမံများထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်”” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဒီယိုအစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေး စီမံကိန်းများမှာ လာမည့်တစ်နှစ်၊နှစ်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်းအား မတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်များတွင် ရေဒီယိုအစီအစဉ်များမှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။ ပြည်တွင်းဆက်သွယ်ရေး နှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍအတွင်းရှိ ပြည်တွင်းပြည်ပမှ ၀န်ဆောင်မှုပေး သူများအား ယှဉ်ပြိုင်မှုပြုစေခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။ ယင်းမူဝါဒ၏ အဓိကရည်မှန်းချက်များမှာ နိုင်ငံတော်၏ တယ်လီဖုန်းသိပ်သည်းဆအား ၂၀၁၅-၂၀၁၆ တွင် ၇၅ ရာခိုင် နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အများပြည်သူမှ သက်သာသည့်နှုန်းထားဖြင့် ရရှိနိုင်စေရန်နှင့် စိတ်ကြိုက်ရွေးချယ်အသုံးပြု နိုင်စေရန်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း ပြီး ၂၀၁၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းတွင် ပြည်ထောင်စုအစိုးရသည် နိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေးဝန်ဆောင်မှုရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင်နှစ်ခုအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက ကြေညာထားသည်။
No comments:
Post a Comment