Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 April 2013

တာချီလိတ်တွင် အသိမ်းခံထားရသည့်မြေများ အစားပြန်ပေးမည်


ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က အကြောင်းပြချက်အမျိုးမျိုးနဲ့ အသိမ်းခံထားရတဲ့ မြေကွက်တွေအတွက် သက်ဆိုင်ရာအာဏာပိုင်တွေက အစားထိုးမြေယာတွေ ပြန်ချထားပေးတော့မှာ ဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး စစ်တပ်နဲ့ အခြားဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ ဒေသခံပိုင်မြေတွေကို ပြန်လည် စိစစ်နေပြီး လျော်ကြေး ဒါမှမဟုတ် အစားထိုးမြေကွက် ပြန်ဖော်ပေးမယ်လို့ ရှမ်းနဲ့ ကယားပြည်နယ်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က ဒီဗွီဘီကို ပြောပါတယ်။

“သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီးတော့ တပ်မတော်ပိုင်းဆိုင်ရာအနေနဲ့ လျော်ကြေးပေးဖို့၊ မြေနေရာပေးဖို့ စီမံဆောင်ရွက်နေတယ်။ ဒုတိယအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့၊ စီမံကိန်းကိစ္စတို့၊ မြို့ကွက်ဖော်ထုတ်ရေးကိစ္စတို့မှာလည်း နစ်နာသူတွေ ရသင့်ရထိုက်တာတွေကို ရရှိအောင် တဆင့်ပြီးတဆင့် အကောင်အထည်ဖော်ဆောင် လုပ်ဆောင်သွားဖို့ နိုင်ငံတော်က စီမံထားပါတယ်။”

သက်ဆိုင်ရာက ပြန်စိစစ်တဲ့အခါမှာ အသိမ်းခံရတဲ့မြေတွေထဲက ခုထိဘာမှ မလုပ်ရသေးတဲ့ မြေဆိုရင် ပိုင်ရှင်ကို မြေကွက်အတိုင်း ပြန်ပေးဖို့၊ စစ်တပ်နားနီးတဲ့မြေဆိုရင်  လျော်ကြေးပြန်ပေးဖို့နဲ့ စီမံကိန်းတွေနဲ့ အဆောက်အအုံတွေ ဆောက်ပြီးသားဆိုရင် အခြား တနေရာမှာ  မြေကွက်ပြန်ဖော်ပြီး အစားထိုး ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ပေးမယ်ဆိုတာ ကော်မတီအဖွဲ့အနေနဲ့ မသိရကြောင်း၊ သူတို့အနေနဲ့  မြေသိမ်းစာရင်းတွေ စစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်နာယကနဲ့ သမ္မတဆီကို အစီရင်ခံစာတင်ပေးဖို့ တာဝန်ရှိကြောင်း ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုထဲက စက်မှုဇုန်အတွက် အသိမ်းခံထားရတဲ့မြေကိစ္စကို လွှတ်တော်မှာ တင်ပြထားပြီး လွှတ်တော်က အတည်ပြုပြီးရင်တော့ လျော်ကြေးတွေနဲ့ အစားထိုးမြေတွေ ပြန်ရမယ့်အကြောင်း ဧပြီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဒေသခံရွာသားတွေကို ကော်မရှင်က သွားရောက် ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။

ရွာသားအများစုကတော့  လျော်ကြေးငွေထက် နဂိုမူလ မိမိပိုင်မြေကိုပဲ လိုလားကြောင်း၊ အစားထိုးမြေဆိုရင်လည်း တာချီလိတ်အနီးနဲ့ စိုက်ပျိုးလို့ရတဲ့မြေကို  လိုချင်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စက်မှုဇုန်လုပ်ဖို့အတွက် ခွင့်ပြုချက်ရထားတဲ့မြေ စုစုပေါင်း ဧက ၆၀၀ ကျော်ရှိပြီး အသုံးမပြုရသေးတဲ့ မြေဧက ၄၀၀ ကျော် ကျန်ရှိတာမှာ အဲဒီမြေတွေကို ဒေသခံဆီ ပြန်ပေးဖွယ်ရှိတယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

တာချီလိတ်မြို့နယ်တခုလုံးမှာ စက်မှုဇုန်စီမံကိန်း အပါအ၀င်၊ ထုံးကျောက်တောင်၊ ဗျူဟာကုန်း၊ ရွှေတိဂုံဘုရားနဲ့ လေယာဉ်ကွင်း တည်ဆောက်ဖို့အတွက် မြေသိမ်းခံရတဲ့  တိုင်တန်းချက် ၂၅ စောင် လက်ခံရရှိပြီး တချို့ကို အစီရင်ခံစာ ရေးနေသလို  ကွင်းဆင်းစစ်ဆေးမှု မလုပ်ရတာတွေလည်း ရှိနေကြောင်း၊  ၁၉၈၉ ခုနှစ်နောက်ပိုင်း အသိမ်းခံရတဲ့မြေတွေပဲ စိစစ်ရေးမှာ အကျုံးဝင်တယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်ရော၊ အခြားစီမံကိန်းလုပ်ငန်းတွေအတွက်ပါ မြေသိမ်းခံရကြောင်း တိုင်တန်းစာ အစောင် ၅၀ လောက် လက်ခံရရှိပြီး လာမယ့် မေလဆန်းပိုင်းမှာ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မူဆယ် နမ့်ခမ်းဘက် ကွင်းဆင်းစစ်ဆေးမယ်လို့ ဆိုပါတယ်။

ရှမ်းနဲ့ ကယားပြည်နယ်  မြေသိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်မှာ   ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းထွန်းစိန်၊  ဦးခင်မောင်သီ၊ ဦးစိုင်းဝင်းမောင်၊ ဦးစိုးရယ်နဲ့ ကျားဖြူပါတီက ဦးစိုင်းကျော်ဇောသန်းတို့ စုစုပေါင်း ၅ ဦး ပါဝင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့