Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ဆလုံလူမျိုးများက ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခြင်းကို မကြိုက်ဟုဆို

 ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆလုံ ကျေးရွာများကို သွားရောက် လေ့လာခဲ့ပြီး ဆလုံလူမျိုးများနှင့် တွေ့ဆုံစကား ပြောခဲ့သည့် တွေ့ရှိချက်များအရ ဆလုံ လူမျိုးများသည် ၎င်းတို့ကို ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခံရခြင်းကို မကြိုက်ကြကြောင်း ၎င်းတို့ကို ဘာသာပြန်မှ တစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့သူ ဂေဟအခြေခံ သဘာဝ သယံဇာတများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောကြားသည်။

ဆလုံလူမျိုးများသည် ၎င်းတို့၏ ထုံးစံအရ သီးသန့် ရှင်သန် ရပ်တည်လိုကြပြီး ၎င်းတို့၏ အကြီးအကဲက အုပ်ချုပ်သည်ကိုသာ လိုလားကြသည်ဟု ပြောကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။
“ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှုတွေကို သူတို့ မကြိုက်ဘူး။ အစိုးရတို့ ဘာတို့နဲ့ သူတို့ တိုက်ရိုက် မဆက်ဆံချင်ဘူး။ အဲလို ဆက်သွယ်ပေးဖို့ ကြားခံ အဖွဲ့အစည်းထားဖို့ကို သူတို့က လိုလားတယ်” ဟု ၎င်းကဆိုသည်။

ဆလုံ လူမျိုးများနှင့် ပတ်သက်၍ အခြားလေ့လာမှုများကိုလည်း ပြုလုပ်နေရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအေးက ဆလုံလူမျိုးများ မပျောက်ကွယ်ရေးအတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဆလုံလူမျိုးများ အနာဂတ်ဘဝ မြှင့်တင်ရေး ကော်မတီ ဖွဲ့စည်းကာ လေ့လာမှုများ ပြုလုပ်နေကြောင်း၊ လုပ်ငန်း စီမံချက်များကိုလည်း တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုးက ပြန်လည် ဖြေကြားသည်။

ယင်းကော်မတီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက ဆလုံလူမျိုးများ၏ နေထိုင်မှုဘဝနှင့် ကျန်းမာသန်စွမ်းမှု အခြေအနေများကို ကျွန်းစုမျိုးနွယ် အတွင်းရှိ ဆလုံရွာ သုံးရွာတွင် တစ်ပတ်တာ လေ့လာမှု ပြုလုပ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ် အတွင်းရှိ ဆလုံရွာများကို ဂျပန်နိုင်ငံမှ ပညာရှင်များ ပါဝင်သော အဖွဲ့များနှင့်အတူ သွားရောက် လေ့လာမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“အဓိက လူနေမှုဘဝ တိုးတက်ဖို့က ကျောင်းနေအရွယ် ဆလုံလူမျိုး ကလေးတွေအားလုံး ကျောင်းကို ရောက်ဖို့ လိုပါတယ်” ဟု ဝန်ကြီး ဦးတင်စိုးက ဆိုသည်။

ဆလုံလူမျိုးများသည် ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ကောင်းစွာ ဖွံ့ဖြိုးမှု ရှိခြင်း၊ လူစိမ်းမြင်လျှင် ကြောက်တတ်ခြင်းနှင့် ဆလုံကလေးများသည် သာမန် လူမျိုးများထက် ကျန်းမာသည်ကို တွေ့ရကြောင်း ဝန်ကြီးက ပြောကြားသည်။

ဆလုံလူမျိုးများသည် အမိန့်ပေး စေခိုင်းခြင်း၊ တင်းကျပ်သည့် စည်းကမ်းများ ချမှတ်ခြင်းကို မနှစ်သက်ကြကြောင်းနှင့် အတင်းအကျပ် စေခိုင်းဆောင်ရွက်လျှင် လျင်မြန်စွာ ပြောင်းရွှေ့ တတ်ကြကြောင်း ဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့