Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

မြေဂရန်အတုဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများရှိနေ

ရန်ကုန်မြို့လယ်ရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တစ်လုံးအား တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) ရန်ကုန်မြို့တွင်းပိုင်း၌  တည်ဆောက်နေသော ကန်ထရိုက်တိုက်အချို့မှာ စာချုပ်အတု၊ မြေဂရန်အတုများဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားပြီး တည်ဆောက်ခြင်းများရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသူ မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေ ဦးမောင်မောင်ဝင်းကပြောသည်။

““ကန်ထရိုက်က ဆောက်ပြီးထားသွားတော့ မူလမြေပိုင်ရှင်တွေ နစ်နာရတာတွေအများကြီးပဲ။ ဒီနေ့ထိ ဖြေရှင်းပေးနေရတယ်””ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။ ယင်းကဲ့သို့ စာချုပ်အတု၊ ဂရန်အတုဖြင့် တည်ဆောက်နေမှုအများစုမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော် အစရှိသော ရန်ကုန်မြို့လယ်များတွင် အများဆုံးဖြစ်ကြောင်း မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ဆက်လက်ပြောကြားသည်။

ဆောက်လုပ်သည့် ကန်ထရိုက်အများစုမှာ ရန်ကုန်မြို့တော် စည်ပင်သာသာရေးကော်မတီမှ ၀န်ထမ်းများနှင့်ပေါင်းပြီး စာချုပ်အတု၊ ဂရန်အတုများဖြင့် တည်ဆောက်နေသည်ဟု ဦးမောင်မောင်ဝင်းက စွပ်စွဲပြောကြားသည်။ ရန်ကုန်မြို့တွင်းပိုင်း၌တည်ဆောက်နေသည့် ကန်ထရိုက်အများစုမှာ ဆောက်လုပ်ခွင့်ရရှိရန် မြို့တော်စည်ပင်သို့ တင်ပြရာတွင် အချိန်ကြန့်ကြာမှုများရှိသဖြင့် အငှားကန်ထရိုက်တာစနစ်ဖြင့် လုပ်ဆောင်နေသော ကန်ထရိုက်တာအချို့တွင် ယင်းကဲ့သို့ အများဆုံးတည်ဆောက်ခြင်း ဖြစ်နိုင်ကြောင်း မြင့်မိုရ်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာကဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းပိုင်း ကန်ထရိုက်အချို့မှာ ဆောက်လုပ်ခွင့်မကျမီ ကြိုတင်တည်ဆောက်မှုများရှိနေပြီး မြေပိုင်ရှင်မှာ တည်ဆောက်မှုပြီးပါက ဒဏ်ငွေဆက်လက်ဆောင်နေရခြင်း၊ တရားရင်ဆိုင်နေရခြင်း အများအပြားရှိနေကြောင်း ယင်းဒါရိုက်တာက ဆက်လက်ပြောကြားသည်။

““ကျွန်တော်တို့ဆီမှာ အဲဒီလို အတုအပတွေနဲ့လာလျှောက်တာကို အရေးယူထားတာတွေအများကြီးပါ””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာန မှ ဌာနမှူးက ပြောသည်။ အများစုမှာ ခွင့်ပြုချက်မကျမီ ကြိုတင်၍တည်ဆောက်နေမှုများကို ဒဏ်ရိုက်အရေးယူမှုများရှိနေပြီး အဆောက်အအုံပြီးစီးပါက ကန်ထရိုက်မှ ၎င်းပိုင်အခန်းများကို ရောင်းချပြီး တိမ်းရှောင်နေရပြီး မြေရှင်မှာ ဒဏ်ငွေဆောင်နေရခြင်း၊ စည်ပင်မှတရားစွဲဆိုထားသည့်အမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း အထက်ပါဌာနမှူးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ယင်းကဲ့သို့ ဂရန်အတု စာချုပ်အတုများ ပြုလုပ်ခြင်းများအပြင် မြေကွက်တစ်ခုတည်းတွင်ပင် ဂရန်အမည်ပေါက်နှစ်ဦးရှိသော အမှုတွဲများပင် ပေါ်ပေါက်နေကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တော်အတွင်းမှ မြေယာများကို ယခင်က မြို့ရွာနှင့်  အိုးအိမ်ဖွံ့ဖြိုးမှုဌာနမှ မြေယာစီမံခန့်ခွဲမှုကို အဓိကကိုင်တွယ်ပြီး ၁၉၉၂ ခုနှစ်မှ စတင်ပြီး ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက ယနေ့ ပြောင်းလဲကိုင်တွယ်လျက်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေယာစီမံခန့်ခွဲမှုများအတွင်း မသမာမှုများ ပြုလုပ်ခဲ့သည့် ကန်ထရိုက်နှင့် မြေရှင်အချို့ကို တရားစွဲမှုအကြိမ်ရေ တစ်ရာကျော်အထိရှိခဲ့ပြီး ယင်းအထဲတွင် သင်္ဃန်းကျွန်းမြို့ နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့ နယ်တို့တွင်လည်း ခွင့်ပြုချက်မဲ့ တည်ဆောက်နေသည့် တိုက်ခန်းများကိုအရေးယူမှုများလည်း ပါဝင်ကြောင်းသိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့