Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ပပျောက်လုနီးပါး ရှေးရိုးရာအနုပညာများ ပြန်လည်ဖော်ထုတ်

ကရင်နီရိုးရာ အတီးအမှုတ်များ အချို့ (ဓါတ်ပုံ-ကေတီ) ပပျောက်လုနီးပါးဖြစ်နေသည့် ကယားလူမျိုးစုတို့၏ ရှေးရိုးရာ အဆိုအကအတီးအမှုတ် အနုပညာများနှင့် တူရိယာပစ္စည်းများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် လူငယ်များ ပြန်လည်ဖော်ထုတ် သုတေသန ပြုလုပ်နေကြသည်ဟု သိရသည်။

ခေတ်အဆက်ဆက်က ဘိုးဘေးဘီဘင်များ တီထွင်ကြံဆ ဖန်းတီးပြီး တန်ဖိုးထားခဲ့ကြသည့် ရိုးရာထုံးတမ်းဓလေ့များ၊ ယဉ်ကျေးမှု၊ အနုပညာ နှင့် ဂီတ တို့သည် အနှစ်သာရ နှင့် ပြည့်ဝပြီး တန်းဖိုးထားလာခဲ့ကြသည့် အရာများဖြစ်သဖြင့် ထိန်းသိမ်းရန်လိုအပ်သည်ဟု ကယားလူမျိုးစု အနုပညာသုတေသနပြုခြင်းနှင့် လက်တွေ့အသုံးချခြင်းဆိုင်ရာ အသိပညာများကို လိုက်လံဆွေးနွေး ပို့ချပေးနေသည့် မော်ကိုမြာက ပြောသည်။

“ကျမတို့ ကယားလူမျိုးတွေကို ပြန်ကြည့်မယ်ဆိုရင် ကျမတို့မှာရှိတဲ့ ရိုးရာအနုပညာတွေ အခုခေတ် လူငယ်တွေဆို မသုံးတော့ဘူးပေါ့နော်။ အဲခါကျတော့ ဒီရှေးဟောင်းအနုပညာတွေကို ပြန်လည်ပြီးတော့မှ ဒီလူကြီးတွေပေါ့နော် အထူးသဖြင့် ရပ်ရွာတွေမှာဆိုရင် အသုံးပြုတာတွေ ရှိသေးတယ်။ ဒီလူငယ်တွေကို ပြန်ပြီး လက်ဆင့်ကမ်းပေးဖို့အတွက်ပေါ့”

လူငယ်များ ရှေးရိုးရာအနုပညာများနှင့် ပတ်သက်၍ ပြန်လည်လေ့လာ သင်ယူနိုင်ရန်အတွက် အသိပညာပေးခြင်း သင်တန်းများကိုလည်း ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာ အုပ်စု ဒေါလျားခူကျေးရွာရှိ ဒွေးမယ်နော် ခန်းမဆောင်တွင် (၁၆) ရက်နေ့ မှ (၂၀) ရက် အထိကို သင်တန်းပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယင်းသင်တန်းတွင် စက္ခု (အမြင်အနုပညာ)၊ ဂီတအနုပညာ၊ ပြဇာတ်အနုပညာ၊ အကအနုပညာ နှင့် နှုတ်မှုအနုပညာ ဆိုပြီးပို့ချပေးလျက်ရှိကြောင်း သိရသည်။

မှေးမှိန်ပျောက်ကွယ်သွားတော့မည့် ကယားလူမျိုးစုအတွင်း ရှိခဲ့ဖူးသည့် ကိုယ်ပိုင် အနုပညာ နှင့် ရိုးရာယဉ်ကျေးမှုများ ဖြစ်ကြသော ဝါးပုလွေမှုတ်ခြင်း၊ ဝါးဖြင့်ဂီတာတီးခြင်း၊ သစ်ရွက်ဖြင့် သီချင်းသီဆိုခြင်း၊ ကယားသီချင်းကြီးဟု ခေါ်ကြသည့် အီရိုး ၊ အီဟယ် စသည်တို့ကို ပြန်လည်ရှာဖွေဖော်ထုတ် လေ့လာသင်ယူခဲ့ကြသည်ဟု သင်တန်းတက်ရောက်ခဲ့သည့် ဆရာသဲရယ်က ပြောသည်။

“အဲဒါတွေအများကြီး ပြန်လည်ဖော်ထုတ်နိုင်တဲ့အတွက် ဒါကျနော်တို့ လက်ဆင့်ကမ်း တက်လာမယ့် လူငယ်လူရွယ်တွေအတွက် အများကြီး အကျိုးရှိမယ်လို့ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လူငယ်လူရွယ်အကြားမှာ ကယားလူမျိုးနဲ့ပတ်သက်တဲ့ အနုပညာတွေက တော်တော်လေး ပျောက်နေတယ်။ လုံးဝမတတ်တဲ့အပိုင်းမှာ ရှိတာပေါ့နော်။ ခေတ်သစ်တွေရဲ့ ဆွဲဆောင်မှုကြောင့် ကျနော်တို့ ရိုးရာ အနုပညာတွေလည်း တဖြည်းဖြည်း ပပျောက်လာတာပေါ့”

ရှေးရိုးရာအနုပညာများကို ပြန်လည်ဖော်ထုတ်ရန်အတွက် (Linguistic Society) ဘာသာဗေဒအသင်းမှ ဆရာမများက နည်းပညာပံ့ပိုးကူညီပေးကာ ကယားရိုးရာ ယဉ်ကျေးမှုခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပညာရှင်များ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များက သင်တန်းတွင် လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့