Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

အပြိုင်အဆိုင်ဈေးလျှော့၍ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ရောင်းချခြင်းကို မြန်မာ့ ဆက်သွယ်ရေးမှ တားမြစ်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့နှင့်ပူးပေါင်း၍ ငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၅ ခုကို အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချ၍ ငွေဖြည့်ကတ်ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်လိုက်သည်။

ကုမ္ပဏီများအချင်းချင်း ဈေးနှုန်းလျှော့၍ ပြိုင်ဆိုင်ရောင်းချခြင်းကြောင့် ဈေးကွက်ပျက်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ဝင်ရောက်ထိန်းသိမ်းခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တားမြစ်ချက်ကို ကိုးကား၍ မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ပြည်သူများထံသို့ ငွေဖြည့်ကတ် လက်လီရောင်းချပေးနေသူများကို ယခင်က GSM အတွက် ၅ ရာခိုင်နှုန်း အမြတ်ငွေပေးထားသော်လည်း ယခုအခါ တစ်ဆင့်ရောင်းချသည့် ကိုယ်စားလှယ်များက ၂.၈ ရာခိုင်နှုန်းသာ အမြတ်ငွေပေးတော့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ တားမြစ်ချက်အရ အမြတ်ရာခိုင်နှုန်းတင်၍ ရောင်းချနေသူများကို တိုင်ကြားနိုင်သည်ဟုလည်း သိရသည်။

“ကျွန်တော်တို့ကလည်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက်အမြတ် ပိုပေးပြီးရောင်းလို့မရဘူး။ ရောင်းသူတွေကို အမြတ်ရာခိုင်နှုန်းလျှော့ပြီး ပေးရင်တော့ပေးလို့ရတယ်။ အရှုံးခံပြီး ရောင်းတာမျိုးတွေ၊ အရှုံးနီးပါးဖြစ်အောင် ရောင်းတာမျိုးတွေ မလုပ်ရတော့ဘူးဟု” အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မိုဘိုင်းဖုန်းငွေဖြည့်ကတ် လက်လီရောင်းချသူများအတွက် အမြတ်ရာခိုင်နှုန်းရရှိမှု နည်းပါးသွားသည်မှာ ယခုလအစောပိုင်းကတည်းကဖြစ်ပြီး အဆိုပါကဲ့သို့ အမြတ်ငွေရရှိမှု နည်းပါးသွားသည့်အတွက် ဝယ်ယူသူများမှာ စိတ်ကသိကအောက်နှင့် ကြုံတွေ့နေရသည်ဟု မိုဘိုင်းငွေဖြည့်ကတ် တစ်ဆင့်ခံကိုယ်စားလှယ်ဖြစ်သည့် Touch Mobile မှ ကိုသက်လွင်သိန်းစိုးကပြောသည်။

မိုဘိုင်းဖုန်းငွေဖြည့်ကတ် လက်လီရောင်းချသူများအနေဖြင့် ယခင်က ၁ သောင်းတန်ငွေဖြည့်ကတ်များကို ၉၈၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပေးခဲ့သည်များ ရှိသော်လည်း ယခုအခါ အမြတ်ရရှိသည့်ရာခိုင်နှုန်းလျော့ကျလာသည့်အတွက် ငွေဖြည့်ကတ်ကို မူရင်းတန်ဖိုးအတိုင်းသာ ဆက်လက်ရောင်းချတော့သည်ဟု ငွေဖြည့်ကတ်လက်လီရောင်းချသူ မရည်မွန်က ဆိုသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့