Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 July 2012

ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရာ၌ အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများ အပေါ် လေ့လာသုံးသပ် လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေး အဖွဲ့အစည်းများက ဆိုသည်။

“ထားဝယ် ဒေသမှာ ကြုံတွေ့ နေရတဲ့ ပြသာနာက လျော်ကြေး ကိစ္စပဲ တိကျတဲ့ သတ်မှတ် ချက်မရှိဘဲ လျော်ကြေးကို   ပေးချင် သလိုတွေ ပေးနေကြတယ် ဘယ်သူမှ လက်မခံနိုင်ကြဘူး။ အဲ့ဒီလိုကိစ္စရပ်တွေရှိ နေတဲ့အတွက် အစိုးရပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးတာတွေ မလုပ်ခင် ဒေသခံတွေနဲ့အရင်ဆုံးတွေ့ဖို့အပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး ဒေသခံတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။” ဟု ထားဝယ်မြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရ က ပြောသည်။

(၄၂)စတုရန်းကီလိုမီတာအကျယ်အ၀န်း သတ်မှတ်သည့်အဆိုပါ စီမံကိန်းဧရိယာတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ဥယျာဉ်ခြံ (ကွမ်း၊ သီဟို၊ ရော်ဘာ)စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ စီမံကိန်း ဧရိယာတွင်းရှိ ဥယာဉ်ခြံများအတွက် သက်ဆိုင်ရာအစိုးရမှ   ဒေသခံပြည်သူများအား လျော်ကြေး ပေးကာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများက လက်ခံခြင်းမရှိသေးကြောင်း ကိုလည်း သိရသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းဘက်ကို ဆောက်မယ့် လမ်းတစ်လျှောက်မှာ KNUရွာ(၁၂)ရွာ ရှိတယ်။ အဲ့ဒီဘက်ကရွာတွေကိုကျတော့ ကွမ်းပင်တစ်ပင်ကိုတင် (၁၂၀၀၀၀)ပေးတယ်။ ကျွန်တော်တို့ ထားဝယ်ဒေသခံတွေကိုကျတော့ အဆင်ပြေရင်ပြေသလို ပေးတယ်။ ဘယ်နှဧကဆိုရင် ဘယ်လောက်နှုန်းနဲ့ပေးမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့နှု န်း မရှိတော့ လျော်ကြေး ပမာဏကို လက်မခံ နိုင်ကြဘူး” ဟု ဦးဇော်သူရက ဆက်ပြောသည်။

ထားဝယ်ဒေသရှိ ဖွံ့ဖြိုးရေးအသင်းအဖွဲ့များသည် ဒေသခံပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ awareness (အသိပညာ)ပေးတယ်။ ဒေသခံတွေအနေနဲ့ ဘယ်လို အခွင့်အရေး ရှိတယ်ပေါ့။ အဲ့ဒါကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေကို ပြောပြပေးတယ်။ “ ဟု ထားဝယ်ဒေသဖွံ့ဖြိုးရေးအသင်းအဖွဲ့မှ ရန်ကုန်တိုင်းညှို့နှိုင်းရေး တာဝန်ခံ ကိုဘိုဘိုက ပြောသည်။

ဝန်ကြီးချုပ်များပါဝင်သော ထားဝယ်ရေနက်ဆိပ်ကမ်းဆိုင်ရာအစည်းအဝေးတွင် ဒေသခံများအား ကာကွယ်ပေးနိုင်သော အချက်အလက်များကို ထည့်သွင့်းဆွေးနွေးသင့်ကြောင်း ၊ ကြီးမားသော အကျိုးရလဒ်ရရှိမှသာ ရေနက်ဆိပ်ကမ်းပြုလုပ်သင့်ကြောင်း ၊ ဒေသခံများနစ်နာရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကာကွယ်ပေးရန်လိုအပ်ကြောင်းနှင့် အကျိုးတူစီးပွား လုပ် ဆောင်ခြင်းသည် နှစ်ဖက်အမြတ်အစွန်းညီမျှနေမှသာ ရေရှည်အကျိုးတူစီးပွားဖြစ်ပေါ်နိုင်ကြောင်း ကိုလည်း လူမှုရေးအဖွဲ့အစည်းများက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လတ် ရှင်နာ ၀ပ်နှင့်တွေ့ဆုံကာ ထိုင်း-မြန်မာ နှစ်နိုင်ငံအကျိုးတူစီးပွားပူးပေါင်းလုပ်ကိုင်ရန်အတွက်နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ၀န်ကြီးအဆင့်ရှိ အစည်းအဝေးအား သြဂုတ်လတွင် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ကိုလည်း သမ္မတကြီး၏ ထိုင်းနိုင်ငံခရီးစဉ်က သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို Italian Thai ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ (၁၃) ဘီလီယံ (ဘီလီယံဘတ် ၄၀၀) ကုန်ကျကာ စီမံကိန်းတွင် ရထားလမ်း၊ ကားလမ်း၊ စက်ရုံအလုပ် ရုံများပါ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းတွင် စက်မှုဇုန်များအပြင် ရထားလမ်းနှင့်ကားလမ်း တည်ဆောက်ခြင်း၊ ရေရရှိရေးအတွက် ရေကာတာတည် ဆောက်ခြင်း၊ မြို့ပြစီမံကိန်းများ များအနက်မှ    ရေဖြူမြို့နယ်အတွင်း မြို့သစ်ဖွံ့ဖြိုးရေးအတွက်  မြို့ပြစီမံကိန်းဖော်ဆောင်မည့်   မြေဧရိယာကို လျှော့ချလိုက်ကြောင်းကိုလည်း သိရှိရသည်။

 မြို့ပြစီမံကိန်းအပြင် စက်မှုဇုန်အတွင်း Green  ဧရိယာကိုပါ ထည့်သွင်း သတ်မှတ်လိုက်သဖြင့် ယခင်က ယင်းဧရိယာကို ၂၅၀ စတုရန်းမိုင် သတ်မှတ်ထားသော်လည်း ယခုအခါ ၂၀၄ ဒသမ ၅ စတုရန်းမိုင်သို့ ပြန်လည် သတ်မှတ်ထားကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း  အထောက်အကူပြုဥက္ကဋ္ဌက ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက သတင်းထုတ်ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း   ၂၀၀၉-၂၀၁၀တွင် အမေရိကန်ဒေါ်လာ  နှစ်ဘီလီယံကျော်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိ ရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့