Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 July 2012

အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး



လှိုင်သာယာ မြို့နယ်မှာ တည်ရှိတဲ့ အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်းဟာ ဆောင်ရွက်မှု အနေနဲ့ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တယ်လို့ အနော်ရထာ
စက်မှုဇုန် စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ အနော်ရထာ စက်မှုဇုန် စီမံကိန်း ကိုတော့ အပိုင်း ၂ ပိုင်းခွဲပြီး ဖော်ထုတ် ခဲ့တာဖြစ်ပြီး အပိုင်း ၁ ကို ၂၀၀၂ ခုနှစ် နှစ်ဦးပိုင်းမှာ စတင်ပြီး ၂၀၀၇ ခုနှစ်မှာ ဖော်ထုတ်ပြီးစီး ခဲ့တာ ဖြစ်ပါတယ်။ စက်မှုဇုန် စီမံကိန်း အပိုင်း၂ ကိုတော့ ၂၀၁၀ ခုနှစ်မှ ယခုအချိန် အထိ ဖော်ထုတ် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် အနော်ရထာ စက်မှုဇုန် စီမံကိန်း အပိုင်း ၂ မှာ စက်မှုလုပ်ငန်း လုပ်ကိုင် လိုသူများ အတွက်ကို ၉၀ ရာခိုင်နှုန်းခန့် ခွဲဝေ ရောင်းချပေး ထားတယ်လို့ သိရပါတယ်။ အဆိုပါ အနော်ရထာ စက်မှုဇုန် စီမံကိန်းကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ၀ါဝါ၀င်း ဆောက်လုပ်ရေးတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ အနော်ရထာ စက်မှုဇုန် စီမံကိန်းမှာ လယ်ဧကပေါင်း ၆၀၀ နီးပါးရှိပြီး စက်မှုဇုန် တည်ဆောက်မှု အတွက် လက်ရှိမှာ ဧက ၄၀၀ ခန့်မှာသာ လယ်သမားများနဲ့ ကျေနပ် သဘော တူညီ မှုရရှိထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်တဲ့ လယ်ဧကတွေမှာ စက်မှုဇုန် တည်ဆောက်နိုင်ဖို့ အတွက် ဆက်လက် ညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ စီမံကိန်း ဖော်ဆောင်မှုအား ကျေနပ် သဘောတူသော လယ်သမားများအား ဂုဏ်ပြုမှု သတင်းစာ ရှင်းလင်းပွဲမှ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ သတင်းစာ ရှင်းလင်းပွဲကို တောင်သူလယ်သမား ၅၀ ဦးခန့် တက်ရောက်ခဲ့ ပါတယ်။ အနော်ရထာ စက်မှုဇုန်  စီမံကိန်းမှာ ယန္တရား စက်ရုံများ၊ ဆန်စက်ကြီးများ၊ ကျောက်မျက် ရတနာ လုပ်ငန်းများ စတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်း မစတင်မီ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အနေနဲ့ ၁၉၉၆ ခုနှစ် ကတည်းက အဲ့ဒီ စက်မှုဇုန် စီမံကိန်းမှာ ပါဝင်မယ့် ကျေးရွာများ၊ လယ်ယာမြေများ အတွက် ကျေးရွာများ ဖော်ထုတ်ပြီး ပေ ၄၀ ၊ ပေ ၆၀ အကျယ် မြေကွက်များ ပြန်လည် ချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့ လယ်မြေများ အတွက် ငွေသား ပေးလျော် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး စာသင်ကျောင်းများ၊ နေ့ကလေးထိန်း ကျောင်းများ ဆောက်လုပ်ပေးခြင်း အစရှိတာ တွေကိုပါ စီမံပေး ထားတယ်လို့ အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့ ၀ါဝါ၀င်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့