Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ဘယ်လိုအချစ်မျိုးလည်း

 လောကတွင် တစ်ဦးနှင်တစ်ဦး ချစ်ခင်စုံမက်စွာချစ်နေကြတာက ဘယ်လိုအချစ်မျိုးပါလည်းဘယ်ကဲ့သို့ သောအချစ်မျိုးဖြစ်သင်ပါသလည်းတကယ်တမ်းရော ချစ်တက်ကြပါရဲ့ လားထိုကဲ့ သိုအချစ်မျိုးစုံလင်စွာရှိသည်အနက်မှ မှတ်သားသင့်သည်အချစ်က သုံးမျိုးဖြစ်ပါသည်။
ပထမဆုံးအနေနဲ့ ချစ်ခြင်းတွေ အကြောင်းကို အကြမ်းဖျဉ်း ဖော်ပြလိုပါတယ်။ အချစ်အမျိုးအစား (၃) မျိုးရှိ ပါတယ်။
တဏှာပေမ လို့ခေါ်တဲ့ ချစ်သူအချစ်၊တဏှာအချစ်
ဂေဟဿိတပေမ လို့ ခေါ်တဲ့ မိသားစုအချစ်
မေတ္တာပေမ လို့ ခေါ်တဲ့ မေတ္တာအချစ်၊ ပါရမီ အချစ်
အဲဒီ့ချစ်ခြင်း ၃ မျိုးမှာ အပူလောင်စေဆုံးကတော့ တဏှာအချစ်၊ ပြီးတဲ့နောက် မိသားစုအချစ်ဟာလဲ တဏှာနဲ့ ဆက်နွယ်နေလျက်ပါ။
အချစ်တွေ ဘယ်လိုကွာလဲ
အရိုးရှင်းဆုံးသော ဖြေရှင်းချက်ထုတ်ပါ့မယ်။ မေတ္တာပေမနဲ့ ချစ်သူတိုင်းဟာ မေတ္တာဆိုတဲ့ အအေးဓါတ်နဲ့ အတူ အေးမြနေပါတယ်။ တဏှာနဲ့ ချစ်ပြီဆိုရင်တော့ကွယ်…. သံသရာတွေရှည်ဖို့ရန် အပူဓါတ်နဲ့ အတူ ပူလောင်မှုတွေ ရှိရပါတော့တယ်။ ဂေဟဿိတ ကျပြန်တော့ရော… သူ့မှာ မေတ္တာဖက်သလို တဏှာနဲ့ စွက် နေပါသေးတယ်။ သမီးလေးအတွက် ပူပန်ရ၊ အဖေ့အတွက် စိတ်မောရ.. အဲဒီ့လို အဲဒီ့လို ပူပန်မှုတွေ ပေးတတ် ပါသေးတယ်။ ဒါတွေဟာတော့ အချစ်အကြောင်း အကြမ်းဖျဉ်းပေါ့လေ..။
စာရေးသူတို့ဟာ ကာမဘုံဖြစ်တဲ့ လူ့လောကမှာ ကျင်လည်ရင်း အရွယ်ရောက်သူအားလုံး ကြုံကြ တွေ့ကြရမှာ တဏှာပေမ အချစ်ပါ။ ရှောင်ချင်သူတွေတောင် ရှောင်မရဘူးဆိုတဲ့စကားတွေ ကြားရတာ အများကြီးရယ်ပါ။ ဒါကြောင့် အားလုံး တွေ့ကြကြုံကြရမယ့် တဏှာပေမချစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရအောင်။ တဏှာပေမ အချစ်ဆိုတဲ့အတွက်ပူပန်မှုတွေအပြည့်နဲ့ ဖြစ်နေမယ်ဆိုတာ သတိပြုမိကောင်းပါရဲ့။ ကိုယ်ချစ်တဲ့လူ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် စိတ်ပူရမယ်။ ကိုယ်ချစ်တဲ့လူ ကွယ်ရာမှာ ဘာတွေ လုပ်နေမလဲဆိုပြီး ပူပန်ရမယ်။ ကိုယ်ချစ်တဲ့လူ ကိုယ့်ကို ချစ်မှ ချစ်ရဲ့လားဆိုပြီး ပူလောင်ကြမယ်။ (အမယ်လေးလေး.. ရေးရင်းနဲ့ကို ကြောက်လာပြီ…. “ပူ” ဆိုတဲ့ စကားလုံးက မလွတ်ဘူးနော်) ဒီအပူတွေ ကိုယ့်ကို လောင်မြိုက်မှာကို ကြိုသိနေတယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေလဲ လုပ်နိုင်ရမှာပေါ့။
အချစ်ကြီး၍ အမုန်းကြီးသည်လား
ဆဒ္ဒန္တဇာတ်တော်ဆိုရင် ငယ်စဉ်တည်းက ကြားဖူးသိဖူးကြပါတယ်။ ဆဒ္ဒန်ဆင်မင်း၊ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါ ဆိုတာတွေဟာ ရင်းနှီးပြီးသားတွေပါ။ စူဠသုဘဒ္ဒါဟာ အချစ်ကြီးခဲ့လို့ ကိုယ်ချစ်တဲ့သူ ပျက်စီးလောက်တဲ့အထိ မုန်းတီးခဲ့တယ်။ ဒါတွေရဲ့ အရင်းခံဇစ်မြစ် တရားခံဟာ စူဠသုဘဒ္ဒါ မဟုတ်ပါဘူး။ စူဠသုဘဒ္ဒါရဲ့ စိတ်မှာ ဖြစ်ပေါ် နေတဲ့ ဆဒ္ဒန်အပေါ် ထားရှိခဲ့တဲ့ တဏှာပေမ အချစ်ကြောင့်ပါ။ စူဠသုဘဒ္ဒါကို အညှိုးကြီးတဲ့ မိန်းမရိုင်းကြီးရယ်လို့ သတ်မှတ်ကြသူတွေလဲ ရှိသလို သနားစရာအဖြစ် ယူဆကြတာလဲ ရှိပါတယ်။ ဘယ်လိုပဲ ထင်ကြ ထင်ကြ.. အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ စူဠသုဘဒ္ဒါရဲ့ မချစ်တတ်မှုကိုသာ အဆိုးပြောရတော့မှာပါပဲ။
တော်ဝင်စံထား မိန်းမသား
လောကမှာ တဏှာပေမလဲ ပါတယ်… မေတ္တာစစ်လဲ ဖြစ်တဲ့ အချစ်မျိုးကို မြင်ဖူးကြ၊ ကြားဖူးကြမလား။ အခြားအကြောင်းအရာတွေ မသိရ၊ မကြားဖူးရသေးရင်တောင် ဗုဒ္ဓဘာသာဝင်တိုင်း သိနေကြမှာက ယသော်ဓရာ ဒေဝီကိုပါ။ သိဒ္ဓတ္ထမင်းသား ရဲ့ ကြင်ယာတော် မိဖုရားကြီး ယသော်ဓရာ။ သားဦးလေးမွေးဖွားတဲ့ နေ့မှာပဲ ခင်ပွန်းသည်က လောကီကို စွန့်ခွာလို့ သူမကိုပါ စွန့်ခွာသွားတာခံခဲ့ရတဲ့ ယသော်ဓရာ။ အင်မတန်မှ မြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်တဲ့ ယသော်ဓရာ။ နုစဉ်ဘဝ ပါရမီတွေ ဖြည့်ချိန်မှာ သူမရဲ့ မေတ္တာမှာ တဏှာပေမ မပါဘူးလို့လဲ ငြင်းလို့ မရသလို တဏှာပေမ အချစ်ကြီးပါလို့ ပြောလို့ မရနိုင်တဲ့ မေတ္တာမျိုးပါ။ ပါရမီဖြည့်ဘက်တယောက် ပီသစွာ ဘုရားအလောင်းတော် အပေါ်မှာ ချစ်မြတ်နိုးခဲ့ပါတယ်။ ဘုရားအလောင်း တော်ရဲ့ ပါရမီဖြည့်ဆည်းမှုတွေအတွက် မငြီးမငြူ ပါရမီဖြည့်ဘက်အဖြစ် ရှိခဲ့တဲ့ ယသော်ဓရာဟာ မိန်းမသား အားလုံး စံထားစရာ မိန်းမတယောက် ဖြစ်ပါတယ်။ ဒီနေရာမှာ ငြင်းချင်ဦးမလား မြင်မိပါတယ်။ ပါရမီရင့်ကျက်တဲ့ ယသော်ဓရာမို့ ဒီလို ပါရမီတွေ ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ပြောကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သုမိတ္တာဘဝမှာ စတင်ခဲ့တုန်းက ယသော်ဓရာဟာ ပါရမီ နုငယ်ပါသေးတယ်။ ပုထုဇဉ်ပဲ ဖြစ်ပါတယ်။ အားလုံးဟာ ဟိုးအရင် ဘဝအစတည်းက ပါရမီအနုအရင့်ဆိုပြီး မွေးလာတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ဖြည့်ကျင့်မှုသည်သာ အဓိကပါ။ တဘဝပြီး တဘဝ ပါရမီတွေ ဖြည့်ဆည်းခဲ့လို့သာ နောက်ဘဝ နောက်ဘဝတွေမှာ ပါရမီ ရင့်တယ်ဆိုပြီး ဖြစ်လာတာပါ။ ဒါကြောင့် ယသော်ဓရာကို စံထားလို့ ပါရမီဖြည့်လိုကြတဲ့ အမျိုးသမီးတွေ ငါ ပါရမီနုသေးတယ်လို့ ဆိုတာထက် ငါအခုကစပြီး ပါရမီဖြည့်မယ်ဆိုတဲ့ စိတ်ထားလေးတွေ ထားရှိသင့်ပါပြီ။ (မိမိကိုယ်တိုင်လဲ သတိ အတန်တန် ပေးရပါမည်)
ယောက်ျားသားများ အလေးထားစရာ
တော်ဝင်စံထား မိန်းမသားတွေ ရှိရုံမျှနဲ့လဲ မေတ္တာစစ်စစ်ကြီးတွေ အရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။ ယသော်ဓရာကတော့ တကယ့်ကို အမြင့်မြတ်ဆုံး၊ အသာလွန်ဆုံးသော မဟာလူသား ဖြစ်လာမယ့် ဗုဒ္ဓမြတ်စွာ လောင်းလျာကို ပါရမီဖြည့်ခဲ့ရတာမို့ စံထားစရာ မိန်းမသားဖြစ်ခဲ့ရတာပါ။ မိန်းမတွေသာ မြင့်မြတ်ပြီး ယောက်ျား တွေကတော့ နေချင်သလို နေ၊ ရှုပ်ပွေနေမယ်ဆိုရင် အဲဒီ့မိန်းမတွေ ဘယ်လောက်တော်တော် ပါရမီဖြည့်တယ် ဆိုတဲ့အရာကို ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယောက်ျားတွေအနေနဲ့လဲ အလေးအနက်ပြုစရာတွေ ရှိနေ ပြန်ပါတယ်။ အပျော်အပါးတွေကို တတ်အားသရွေ့ လျှော့ရပါမယ်။ သစ္စာရှိရပါမယ်။ လက်ရှိကာလဟာ သာသနာတွင်းဖြစ်တဲ့အတွက် သာသနာတွင်းမှာ ရှိတဲ့ ဒါန၊ သီလ နဲ့ ဘာဝနာတရားကို စွဲမြဲရပါမယ်။ ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာနေထိုင်တဲ့ အမျိုးသားတွေ ဖြစ်ရပါမယ်။
မိန်းမသားတို့ တာဝန်သိဖို့
လူအမျိုးမျိုး စိတ်အထွေထွေတဲ့။ လူတွေ အများကြီးဆီကို လိုက်မပြောလိုပါဘူး။ မိမိကိုယ်ကို မိမိစိတ်ကိုပင် ပြန်ဆန်းစစ်မယ်ဆိုရင် စိတ်ကလေးတွေဟာ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်ပြီးပျက်ပျက်သွားတဲ့ စိတ်ကလေး တွေ၊ ဝင်လာတတ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ အဲဒီ့လောဘ၊ဒေါသတွေကို သတိပြုလိုက်တဲ့စိတ်၊ သတိမပြု လိုက်မိတဲ့စိတ်.. ကိုယ့်စိတ်တောင် အမျိုးမျိုးဖြစ်နေတဲ့ ကျွန်မတို့ ကာမဘုံသားတွေအတွက် အားကိုးအားထား ရာဟာ “သတိ” တခုပါပဲ။ သတိရှိရင် ရှိသလောက် ဆင်ခြင်နိုင်မှာဖြစ်ပြီး သတိမရှိရင် မရှိသလောက် အမှားများပါလိမ့်မယ်။
တဏှာပေမနဲ့ ယှဉ်တဲ့ ချစ်ခြင်းတွေ ဖြစ်တဲ့အတွက် အိမ်ထောင်မှုဆိုတာ ရှိလာမှာပါ။ အိမ်ထောင်မှုမတိုင် ခင်မှာလဲ တဦးနဲ့တဦး ချစ်မြတ်နိုးမှုနဲ့ ချစ်သူတွေ ဖြစ်ကြဦးမယ်။ ယောက်ျားသားတွေဟာ တရားမှာ မွေ့လျော်နိုင်တဲ့ ယောက်ျားသားများ တနည်း တရားကို သိနားလည်သော ယောက်ျားသားများ ရှိမှာ ဖြစ်သလို အခြားအရာတွေမှာ မွေ့လျော်တဲ့ ယောက်ျားတွေလဲ ရှိမှာပါ။ တရားမှာ မွေ့လျော်နေတဲ့ ယောက်ျားသားများ အတွက်တော့ ချစ်သူ သို့မဟုတ် ဇနီးသည်များဟာ သူတို့ပြုတဲ့ ကုသိုလ်ကောင်းမှုတွေမှာ ပါရမီဖြည့် ဆောင်ရွက်ပေးရမှာ ဖြစ်သလို အကယ်၍များ ချစ်သူ သို့မဟုတ် ခင်ပွန်းဟာ ကိလေသာ များဖွယ် အရာတွေမှာ ပျော်မွေ့နေမယ်ဆိုရင် မိန်းမသားတယောက်အနေနဲ့ အသိပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အများ အငြင်းပွားဖွယ် ဖြစ်လာနိုင်ပါတယ်။ ဘာလဲဆိုတော့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လူမှုရေးအရ ဆက်ဆံ ရတာမျိုး (ဥပမာ အသောက်အစားကိစ္စအများစု) ဖြစ်လာမယ်ဆိုရင်ရော.. ဆိုပြီး ရှိလာနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ အကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စဆို တားရမယ်။ ကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စကို အားပေးရပါမယ်။ ဥပမာ ဆိုရရင်.. အလှူအတန်းကိစ္စ ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းက လုပ်ဆောင်နေမယ်ဆိုရင်… ယောက်ျားအချင်းချင်း ပြောဆိုနေကြသည် ဖြစ်စေ၊ မိန်းမများနှင့် ပြောဆိုနေကြသည်ဖြစ်စေ… မိန်းမသားများက နားလည်ပေးရပါလိမ့်မယ်။ အားပေးမှု ပြုရပါလိမ့်မယ်။ မုဒိတာပွားရပါလိမ့်မယ်။ ဒါမှ မဟုတ်ဘဲ.. အဲဒီ့ ကုသိုလ်ပြုမှုတွေကို သဝန်တိုမှု ဆိုတဲ့ စိတ်နဲ့ တားဆီးမယ်ဆိုရင် မိမိဟာ တာဝန်မကျေတဲ့၊ ပါရမီဖြည့်ရာ မရောက်တဲ့ မိန်းမသား တဦးဖြစ်သွားပါလိမ့်မယ်။ နောက်တမျိုးအနေနဲ့ကတော့ အပျော်အပါးအတွက်၊ အသောက်အစားအတွက် အချိန်ပေးတဲ့ခင်ပွန်း သို့မဟုတ် ချစ်သူကိုတော့ မိန်းမသားများမှာ ဆုံးမရန်၊ သတိပေးရန် တာဝန်အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ အပျော်အပါး အသောက်အစားဟာ စိတ်ကို ညစ်နွမ်းစေမှုလို့ ခေါ်တဲ့ ကိလေသာတိုးပွားစေမှုကို အားပေးနေလို့ပါပဲ။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ မိန်းမသားများ ရဲ့ တာဝန်ဟာ ကုသိုလ်ပြုမှုတွေကို နားလည်ပေးရမယ်၊ အားပေးရမယ်၊ ဖြည့်ဆည်းပေးရမယ်။ အကုသိုလ်ပြုမှုတွေကို တားဆီးရမယ်၊ ဟန့်တားရမယ်။ ဒါ အဓိက တာဝန်ပါ။ အယူမှားနေတဲ့ သူကို အယူမှန် သည်အထိ ပြုပြင်ပေးခဲ့တဲ့ ဝိသာခါလို စူဠသုဘဒ္ဒါလို (အနာတပိဏ်သမီး) အမျိုးသမီးမျိုးတွေကို အတုယူ စံပြထားရပါမယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့