Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 24 November 2012

၂၀၁၁ ခုနှစ်အတွက် အမျိုးသား စာပေဆုများနှင့် အမျိုးသားစာပေ တစ်သက်တာဆုကို ထုတ်ပြန်ကြော်ငြာ


၂၀၁၁ ခုနှစ် အတွက် အမျိုးသား စာပေဆုများနဲ့ အမျိုးသား တစ်သက်တာ စာပေဆုကို ပြန်ကြားရေး ၀န်ကြီးဌာန အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး
ကော်မတီမှ ထုတ်ပြန် ကြော်ငြာ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်မှု မှာတော့ အမျိုးသား စာပေ တစ်သက်တာဆုကို မြန်မာစာပေ အကျိုးကို ထူးချွန် ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားခဲ့တဲ့ စာရေးဆရာကြီး ဦးဝင်းမောင် (မင်းယုဝေ)ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အတွက် အမျိုးသား စာပေဆုများ ကိုတော့ ၀တ္ထုတို ပေါင်းချုပ်ဆုမှာ စာရေးဆရာ ရဲမြတ်တင် ရေးသားတဲ့ ဆီမုဆိုးနှင့် အခြားဝတ္ထုတိုများ ၊ ကဗျာ ပေါင်းချုပ်ဆုမှာ ပျဉ်းမနား မောင်နီသင်း ရေးသားတဲ့ ငှက်ကလေး၏ တေးချိုချို ကဗျာများ၊ စာပေ ပဒေသာဆု ကိုတော့ ကေသီပန် ဦးလှမြင့် ရေးသားတဲ့ သားသမီးများကို ချီးမြှင့်ရမည့် ဖခင်နို့တိုက် ခဲ့သည့် ကျွန်တော့် အဖေနှင့် လောကဓံကို စိန်ခေါ်၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော် မှ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေဆု ကိုတော့ စာရေးဆရာ နတ်မောက် ထွန်းရှိန် ရေးတဲ့ ရတနာပုံ မန္တလေး နိပါတ် ပန်းချီကျော်များနဲ့ ဗုဒ္ဓ၀င် ပညာပေး မြန်မာ့ နိပါတ်ပန်းချီ လက်ရာများ၊ ကလေး စာပေဆု ကိုတော့ မောင်စိမ်းနောင် (လယ်ဝေး) ရေးသားသည့် အလှကမ္ဘာ ညီတို့ရွာကလေး ကဗျာများ၊ ဘာသာပြန် (သုတ) စာပေဆုကို ဦးကြည်မြင့် (လသာ) ရေးသားတဲ့ နိုင်ငံများ၏ ဥစ္စာဓန၊ ဘာသာပြန် ရသဆုကို စာရေးဆရာ တင်မောင်မြင့် ရေးသားတဲ့ မျှော် မှ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သုတပဒေသာ (ရိုးရိုးသိပ္ပံ) စာပေဆု ကိုတော့ ဒေါက်တာ ခင်မောင်ဆွေ ရေးသားတဲ့ သင်္ချာအမြင် သင်္ချာအတွေး၊ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုကို စာရေးဆရာ သောင်းညွှန့်သစ် ရေးသားတဲ့ မြန်မာ့သစ်မွေး၊ ပြဇာတ် စာပေဆုကို ငြိမ်းမင်းရေးတဲ့ တစ်ပင်ကျိုးလျှင် နောက်နှစ်ပင်၊ နိုင်ငံရေး စာပေဆုကို ကိုကိုမောင်ကြီး ရေးသားတဲ့ ကျွန်တော်သိသော တစ်ရံရော အခါများနဲ့ အင်္ဂလိပ် ဘာသာ (သုတ) ဆုကို U Thet Tun (Retired Ambassador) ရေးသားသည့် Waves of Influence စာအုပ်တို့မှ ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ဆုချီးမြှင့်မှုမှာ ဘာသာရပ် ၁၃ မျိုး အတွက်သာ အမျိုးသား စာပေဆုများ ချီးမြှင့်နိုင်ခဲ့ တာဖြစ်ပြီး ၀တ္ထုရှည်၊ လူငယ်စာပေနဲ့ အင်္ဂလိပ် ဘာသာ စာအုပ် ရသ ဆုကိုတော့ ဆုချီးမြှင့်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဆုရရှိသူ တွေဟာ ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန်ရှိ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသို့ တစ်ပတ် အတွင်း ဆက်သွယ် ရမှာဖြစ်ပြီး ဆုချီးမြှင့်ပွဲ ကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ စာဆိုတော်နေ့မှာ နေပြည်တော်ရှိ မြန်မာ့ အပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန MICC မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့