နိုင်ငံတကာ သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံ အနေနဲ့ အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA ရဲ့ နျူကလီးယား
မပြန့်ပွားရေးနဲ့ နောက်ဆက်တွဲ စာချုပ်မှာ လက်မှတ် ရေးထိုး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတကြီးမှ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံမှ ပါဝင် လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် ကိုတော့ ပြည်ထောင်စု လွတ်တော်ရဲ့ သဘောတူညီမှု အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၉ ပုဒ်မခွဲ (က)နှင့် ပြည်ထောင်စု လွတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (က)တို့ပါ ပြဌာန်းချက် များနဲ့ အညီ အတည်ပြုချက် ရယူရန် ပြည်ထောင်စု လွတ်တော်သို့ ပေးပို့ခဲ့ပါတယ်။
အဆိုပါ ပေးပို့မှု ကိုတော့ ပြည်ထောင်စု လွတ်တော်မှ မနေ့က သဘောတူ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ တယ်လို့လည်း သိရပါတယ်။ အဆိုပါ နောက်ဆက်တွဲ စာချုပ်မှာ သဘောတူ လက်မှတ်ရေး ထိုးမှုကိုတော့ IAEA ရဲ့ လုပ်ထုံး လုပ်နည်း အတိုင်း ဆက်လက် လုပ်ကိုင်ကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အဆိုပါ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံဟာ ၁၉၉၂ ခုနှစ် ကတည်းက နျူကလီးယား လုံခြုံမှု ကာကွယ် စောင့်ကြည့်ရေး သဘော တူညီချက်နဲ့ ပမာဏ နည်းတဲ့ နျူကလီးယား သတ္တိကြွ ပစ္စည်းများ ဆိုင်ရာ စာချုပ်တို့မှာ အဓိက ရည်မှန်းချက် ဖြစ်တဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေး၊ လက်နက် ဖျက်သိမ်းရေးနဲ့ ယင်းစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက်သာ အသုံးပြုရေး စသည် တို့မှာ လက်မှတ် ရေးထိုးထား တယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံဟာ ယူအန်မှာ ကျင်းပ ပြုလုပ်တဲ့ ညီလာခံ အစည်းအဝေး တွေမှာလည်း နျူကလီးယား လက်နက် အပြီးတိုင် ဖျက်သိမ်းရေး အမြဲတမ်း အဆိုပြုတဲ့ နိုင်ငံ ဖြစ်သလို၊ အာဆီယံ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် ဖော်ဆောင်ရေး မှာလည်း လက်မှတ် ရေးထိုးထား တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment